၁၄ ဇန်နဝါရီ၊ ၂၀၂၅
ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းအတွင်းက မကျီးဇင်ရွာကို အာရက္ခတပ်တော်(AA)နဲ့တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဦးက မကျီးစင်ရွာနဲ့ ဆက်စပ်တည်ရှိတဲ့ ရွှေသောင်ယံမြို့ကို သွားရောက်ပြီး စစ်ဆေးခဲ့တယ်လို့ စစ်တပ်ပိုင် မြဝတီရုပ်သံက ထုတ်လွှင့်ခဲ့ပါတယ်။
ဇန်နဝါရီလ ၁၂ ရက်က ဦးတင်မောင်ဦးဟာ ရွှေသောင်ယံမြို့ အခြေခံပညာအထက်တန်းကျောင်းတွေကို သွားရောက်စစ်ဆေးခဲ့ပြီး ပုသိမ်-ရှောပြာ-ချောင်းသာလမ်းခင်းနေတာတွေကိုလည်း သွားကြည့်ခဲ့တယ်လို့ မြဝတီရုပ်သံက သတင်းထုတ်ပြန်ထားပါတယ်။
ရခိုင်ဂွမြို့နဲ့ ကပ်နေတဲ့ မကျီးစင်ရွာကို သိမ်းပိုက်ပြီးနောက်မှာ ရွှေသောင်ယံ၊ ချောင်းသာ ၊ ငွေဆောင် ကမ်းခြေမြို့တွေဆီကို AA က အချိန်မရွေးရောက်ရှိလာနိုင်တယ်ဆိုတဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် လမ်းတွေကို ပိတ်တာမျိုးတော့ မရှိသေးဘူးလို့ ခရီးသွားတွေက ဆိုပါတယ်။
“လမ်းတွေကို မပိတ်ပါဘူး။ လုံခြုံရေးအရ တင်းကြပ်တာမျိုးတော့ ရှိတယ်။ နဂိုထဲက ရွှေသောင်ယံကမ်းခြေမှာ နေကြတဲ့ ဒေသခံ ရခိုင်တွေလည်း ရှိနေတာဆိုတော့ သူတို့သွားလာရင် မေးမြန်းရစ်တာတော့ ရှိတယ်။ ဟိုတယ်တွေကိုလည်း မပိတ်ဘဲ ဖွင့်ဖို့ အထက်ကနေ မှာထားတယ်လို့ ကြားတယ်”လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ခရီးစဉ်တွေ ဖျက်သိမ်းမှုတွေ ရှိနေပေမယ့် ဆိုင်ခန်းတွေနဲ့ ဟိုတယ်တွေကို ဖွင့်ထားခိုင်းတယ်လို့ ဆိုပြီး စစ်ဖြစ်ရင်တောင် ချက်ချင်းမကူးနိုင်ကြောင်း စစ်ကောင်စီဘက်က သတင်းလွှင့်နေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
လက်ရှိမှာ ဧရာဝတီတိုင်း ချောင်းသာ ရွှေသောင်ယံကမ်းခြေတွေမှာ စစ်သင်္ဘော အစီး ၂၀ထက်မနည်းကို ပင်လယ်ထဲမှာ တွေ့နေရတယ်လို့ ချောင်းသာကမ်းခြေကို သွားခဲ့သူ တစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ပင်လယ်ပြင်မှာသာမကဘဲ ချောင်းသာ ရွှေသောင်ယံတို့အပြင် သာပေါင်း နဲ့ ရေကြည်ဘက်တွေမှာပါ စစ်အင်အားတိုးမြှင့်ချထားပြီး လက်နက်ကြီးတွေပါ တပ်ဆင်ထားတယ်လို့ သိရပါတယ်။