Homeပြည်တွင်းသတင်းAA ဖမ်းဆီးထားတဲ့ သတင်းထောက် ၁ လကြာတဲ့အထိပြန်မလွတ်သေး၊ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေ

AA ဖမ်းဆီးထားတဲ့ သတင်းထောက် ၁ လကြာတဲ့အထိပြန်မလွတ်သေး၊ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေ

၂၁ အောက်တိုဘာ ၂၀၂၅

အာရက္ခတပ်တော် (AA) က ဖမ်းဆီးထားတဲ့ အမျိုးသမီး သတင်းထောက် မုဒြာဟာ ဖမ်ဆီးခံရပြီး ၁ လကြာတဲ့ အထိ ပြန်လွတ်လာတာမရှိသလို မိသားစုနဲ့လည်း အဆက်အသွယ်မရဖြစ်နေတယ်လို့ သိရပါတယ်။

အမျိုးသမီးသတင်းထောက် မုဒြာဟာ ရခိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ Border News Agency (BNA)ရဲ့သတင်းထောက်တဦးဖြစ်ပြီး၊ သူမကို စက်တင်ဘာ ၂၀ ရက် မနက် ၁၁ နာရီကျော်လောက်မှာ မောင်တောမြို့မှာရှိတဲ့ သူမနေအိမ်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ရဲ့ထောက်လှမ်းရေးဌာနက လာရောက်ခေါ်ဆောင်သွားတာဖြစ်ပါတယ်။

အဲ့ဒီလို ခေါ်ဆောင်သွားပြီးနောက်မှာ ၁လအကြာ အောက်တိုဘာ ၂၁ ရက်အထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ပါတယ်။

Border News Agency(BNA) ရဲ့ အယ်ဒီတာချုပ် ကိုကောင်မရတ်နိုင်က “ခေါ်ယူမေးမြန်းနေတာပါဆိုလို့ အိမ်ပြန်ပို့ပေးမယ့်နေ့ကိုစောင့်နေတာပါ။ ဒါပေမယ့် တလပြည့်သွားတာတောင်ခုထိပြန်မပို့ပေးသေးပါဘူး။ ဘာကြောင့်ပြန်မပို့ပေးသေးတာဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းကမေးခွန်းထုတ်စေချင်ပါတယ်။ နောက်ပြီးအစိုးရလို့ခံယူနေရင်တော့ အစိုးရပီသရပါမယ်။ အဲဒီလိုမဟုတ်ရင်တော့ ပြည်သူလူထုရော၊ နိုင်ငံတကာယုံကြည်မှုပါ ကျဆင်းသွားနိုင်ပါတယ်။” လို့ New Day Myanmar ကိုပြောပါတယ်။

လွှတ်လပ်သော မြန်မာသတင်းစာ ဆရာများအစည်း ( IMJA ) နဲ့ သတင်းသမားများ ကာကွယ်ရေး ကော်မတီ (CPJ) တို့ကလည်း သတင်းထောက် မု​ဒြာကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အာရက္ခတပ်တော် (AA) ကိုတောင်းဆိုထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး