၁၀ ဖေဖော်ဝါရီ ၂၀၂၆
အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ချင်းပြည်နယ်အခြေစိုက် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) တို့အကြား တွေ့ဆုံဆွေးနွေးခဲ့ကြောင်းကို မရာနယ်မြေအုပ်ချုပ်ရေးကောင်စီဘက်က ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်အရ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ MTC/MDF ဘက်က အကြီးအကဲတွေဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ တရားဝင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဲ့ဒီတွေ့ဆုံမှုအတွင်း ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို အခုမှ လူထုထံ ထုတ်ပြန်လာတာဖြစ်ပါတယ်။
အဲ့ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး မရာနယ်မြေအုပ်ချုပ်ရေးကောင်စီဘက်က “ယခင်ကတည်းက မဟာမိတ်အဖြစ်သာမက ဂရုစိုက်မှု၊ ဖော်ရွှေမှုတွေနဲ့ ဆက်ဆံပေးခဲ့တဲ့ ULA/AA ကို လေးစားကျေးဇူးတင်ရှိပါတယ်။ အနာဂတ်မှာလည်း မိတ်ဖက်စိတ်ဓာတ်၊ ယုံကြည်မှု၊ နားလည်မှုတွေကို အခြေခံပြီး ပိုမိုခိုင်မာတဲ့ လက်တွဲပူးပေါင်းမှုတွေ ဆက်လက်တည်ဆောက်သွားလိုပါတယ်” လို့ ဖော်ပြထားပါတယ်။
ချင်းပြည်နယ်အတွင်းမှာ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) အောက်မှာ အရပ်သားအုပ်ချုပ်ရေးယန္တရားနဲ့အတူ မရာလဲန်းကာကွယ်ရေးတပ် (MDF) လက်နက်ကိုင်အဖွဲ့လည်း ပါဝင်လည်ပတ်နေပြီး စစ်ရေးပိုင်းမှာ အာရက္ခတပ်တော် (AA)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) အပါအဝင် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။
မရာလဲန်းကာကွယ်ရေးတပ် (MDF) ဟာ ချင်းညီနောင် (Chin Brotherhood – CB) အဖွဲ့ဝင်ဖြစ်သလို မကြာသေးခင်က ပေါ်ပေါက်လာတဲ့ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ရဲ့ အဖွဲ့ဝင်တစ်ဖွဲ့လည်း ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – MTC


