၂၈ စက်တင်ဘာ၊၂၀၂၄
ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံတဝန်း လူ ၁ သန်းနီးပါး ရေဘေးသင့်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၂၇ ရက်စွဲ နဲ့ ထုတ်ပြန်ပါတယ်။
ရေဘေးသင့်ခဲ့တဲ့ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲက ရေဘေးသင့်တဲ့ မြို့နယ် ၇၀ ကျော်ရှိခဲ့ကြောင်း နဲ့ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် လူပေါင်း ၃၆၀ ကျော် သေဆုံးခဲ့ပြီး လူ ၁၀၀ ကျော်ပျောက်ဆုံး နေစဲ ဖြစ်တယ်လို့လည်း UNOCHA က ထုတ်ပြန်ပါတယ်။
ရေဘေးကြောင့် ထောင်နဲ့ချီတဲ့ ကောက်ပဲသီးနှံနဲ့လယ်မြေတွေ ဆုံးရှုံးခဲ့ရပြီး ပြည်သူတွေရဲ့ အသက် မွေးဝမ်း ကြောင်းလုပ်ငန်းတွေ အပေါ် ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ရတယ်လို့လည်း UNOCHA က ထုတ်ပြန်ပါတယ်။
ဒါအပြင် ရေဘေးသင့်ပြည်သူတွေဟာ အိုးအိမ်တွေပြန်ဆောက်ဖို့နဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပြန်စဖို့ အပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ် လို့လည်း UNOCHA က ပြောပါတယ်။
UNOCHA အနေနဲ့ စက်တင်ဘာ ၉ ရက်ကနေ စတင်ပြီး စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ အမိုး အကာတွေ အပါအဝင် ရေဘေးဒဏ်သင့်ပြည်သူတွေကို အရေးပေါ်အကူအညီတွေပေးနေတာ ၁၈ ရက်ရှိသွားပြီလို့လည်း ပြောပါတယ်။
ရေဘေးကြောင့် နိုင်ငံတဝန်း ၃၈၄ ဦးသေဆုံးပြီး ပျောက်ဆုံးသူ ၈၉ ဦးရှိနေပြီလို့ စက်တင်ဘာ ၂၄ က နေပြည်တော်မှာလုပ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ရေဘေးသင့်အလှူငွေပေးအပ်ပွဲမှာ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောခဲ့ပါတယ်။
ဒါအပြင် ဘာသာရေးအဆောက်အဦ ၄၃၅ လုံး၊ လမ်းတံတား ၅၃၃ ခု နဲ့ လျှပ်စစ်မီးတိုင် ၂ ထောင်ကျော်ပျက် စီးခဲ့ပြီး တိရစ္ဆာန် ၁ သိန်းခွဲ နီးပါးသေဆုံးခဲ့တဲ့အပြင် စပါးစိုက်ဧက ၇ သိန်း ၃ သောင်းကျော် ရေမြုပ်ပျက်စီး ခဲ့တယ်လို့လည်း စစ်ကောင်စီ က ထုတ်ပြန်ထားပါတယ်။
ပုံစာ – လွိုင်ကော်မြို့ ရေကြီးနေမှု
Photo – CJ