Homeပြည်တွင်းသတင်းနာရီ ၆၀ ကျော် အတွင်း တိုက်ပွဲမရှိတဲ့ဒေသ ၉ ခုကို ၁၂ ကြိမ်ထက်မနည်း စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

နာရီ ၆၀ ကျော် အတွင်း တိုက်ပွဲမရှိတဲ့ဒေသ ၉ ခုကို ၁၂ ကြိမ်ထက်မနည်း စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

၇ စက်တင်ဘာ၊ ၂၀၂၄

စစ်ကောင်စီဟာ စက်တင်ဘာလ ၄ ရက်က ၆ ရက်အထိ နာရီ ၆၀ ကျော်အတွင်းမှာ စစ်ရှောင်စခန်း တစ်ခုအပါအဝင် နေရာ ၉ ခုကို ၁၂ ကြိမ်ထက်မနည်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ကလေးငယ် ( ၉ ) ဦးအပါအဝင် ပြည်သူ ( ၂၈) ဦး သေဆုံးပြီး လူ ၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာ ၆ ရက် မနက် ၁ နာရီခွဲဝန်းကျင်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ကို ပေါင် ၅၀၀ ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ၄ နှစ်အရွယ် နဲ့ ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ၁၁ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေထဲ ကလေးငယ် ၂ ဦး လည်း ပါဝင်နေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်၊ ရွှေမုဌောရွာကို မနက် ၁ နာရီနဲ့ မနက် ၅ နာရီ နှစ်ကြိမ်တိုင်တိုင် ဗုံးအလုံး ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးပြီး ဖခင်ဖြစ်သူ ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာ ၆ ရက် မနက် ၃ နာရီဝန်းကျင်မှာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ် ၄ ဘက်က ကျေးရွာတစ်ရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဖုန်းလိုင်းတွေ မရတဲ့အတွက် အပျက်အစီးစာရင်း မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ စက်တင်ဘာ ၄ ရက်တုန်းကလည်း မင်းတပ်မြို့နယ်ကို တိုက်လေယာဉ်နဲ့ ဗုံး ၈လုံးခန့် ကြဲခဲ့ပါတယ်။

စက်တင်ဘာ ၆ ရက် ၁၂ နာရီ ၅၇ မိနစ်ဝန်းကျင်မှာ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းက ဗုံးကျဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၅ ရက် မနက် ၉ နာရီ ဝန်းကျင်မှာ ကရင်နီ ပြည်နယ်၊ ဒီမော့ဆိုးမြို့နယ်က နန်းမယ်ခုံမြို့ကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ၁ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်ပါတယ်။ ညနေ ၅ နာရီဝန်းကျင်မှာ မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်မြောက်ပိုင်း ထနောင်းကုန်းရွာနဲ့ ဗဟင်းရွာ ဆေးရုံအနီးတစ်ဝိုက်နဲ့ စာသင်ကျောင်းအနီးတစ်ဝိုက်ကိုလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ညနေ ၅ နာရီခွဲဝန်းကျင်မှာ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းက ဆူးရစ်ကုန်းကျေးရွာနဲ့ ဖလံကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ် ၃ လုံး ပျက်စီးခဲ့ပြီး ဖလံကုန်းရွာက အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး နောက်ကျောဒဏ်ရာ ရခဲ့ပါတယ်။

စက်တင်ဘာ ၅ ရက် ည ၉ နာရီဝန်းကျင်မှာ ကရင်နီပြည်နယ် မိုးဗြဲမြို့နယ်၊ ဖယ်ခုံကျေးရွာက ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ် ၆ ဦးနဲ့ အမျိုးသမီး ၃ဦး သေဆုံးခဲ့ပြီး ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီနေရာဟာ တိုက်ပွဲ တစ်ကြိမ်မှ ဖြစ်ပွားခဲ့ခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၄ ရက်က မနက် ၂ နာရီခွဲဝန်းကျင်မှာ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျွဲကောပင်ရွာကို စစ်ကောင်စီလေတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ သုံးပြီး ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၃ ရက် ည ၁၁ နာရီဝန်းကျင်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မန်တုံမြို့ကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်တာကြောင့် အမျိုးသား တဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read