ပဲခူးတိုင်းဒေသကြီး၊ တောင်မြို့နယ်က ကျွန်းကုန်းကျေးရွာမှာ ၉ တန်းကျောင်းသူတစ်ဦးကို အိမ်နီးချင်းအမျိုးသား ၃ ဦးက အုပ်စုဖွဲ့အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့ကပြောပါတယ်။
သေဆုံးသူ မခိုင်သဇင်ထွန်းရဲ့ အသက်ဟာ ၁၆ နှစ်သာရှိသေးပြီး မတ် ၁၉ ရက် ညနေ ၄ နာရီကျော်မှာ နေအိမ်တွင်း တစ် ဦးတည်းအိပ်ပျော်နေစဥ် အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့တရားခံတွေက ထွက်ဆိုထားပါတယ်။
လက်ရှိမှာ အသက် ၂၀ ကျော်အရွယ် စည်သူနိုင်(ခ)မှဲ့ကြီး ၊ သိန်းထိုက်အောင် (ခ) သားပု ဆိုသူ ၂ ဦးကို ဖမ်းမိထားပြီး လွတ်မြောက်နေဆဲတစ်ဦးကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။
“ဒီကို သတင်းပေးပို့ချက်အရတော့ တရားခံတွေက သူတို့ကျူးလွန်တာကို ဝန်ခံထားတယ်။ နောက်တစ်ဦးကိုလည်း အမြန်ဆုံးဖမ်းမိနိုင်ဖို့လုပ်နေတယ်။ ဖြစ်သွားတဲ့နယ်မြေကကိုယ့်နယ်မြေမဟုတ်တော့ သေချာမသိရဘူး။ လွတ်နေသေးတဲ့တရားခံနောက်တစ်ဦးကို ဖမ်းမိဖို့ ရဲစခန်းကိုအကုန်ချိတ်ထားတယ်။ မလွတ်နိုင်ပါဘူး” လို့ စစ်ကောင်စီရဲတပ်သားတစ်ဦးက ပြောပါတယ်။
မိဘဖြစ်သူတွေ တောင်ယာသွားလုပ်ချိန် အိမ်နီးနားချင်းနေထိုင်သူအမျိုးသား သုံးဦးက အုပ်စုဖွဲ့အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
မိခင်ဖြစ်သူ နေအိမ်သို့ပြန်လည်ရောက်ရှိချိန် သမီးဖြစ်သူ မခိုင်သဇင်ထွန်းမှာ လည်ပင်းပြတ်လုနီးပါးပြတ်ရှဒဏ်ရာ၊ ရင်ဘတ်နဲ့နှာခေါင်းမှာ ထိုးကြိတ်ဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာကို တွေ့ရှိခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲအဖွဲ့တွေထံ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးထားသူတွေကို လူသတ်မှု၊ မုဒိမ်းမှု၊ ကြိုတင်ကြံစည်မှု၊ ပိုင်နက်ကျူးလွန်မှုတို့နဲ့ အမှုဖွင့်တရားစွဲဆိုသွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက New Day Myanmar ကိုပြောပါတယ်။
ပုံစာ – သတ်ဖြတ်ခံရသူ မခိုင်သဇင်ထွန်း ရဲ့ ဓါတ်ပုံ
ဓါတ်ပုံ – CJ