Homeပြည်တွင်းသတင်း၆ လအတွင် ရန်ကုန်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရသူ အနည်းဆုံး ၁၂၀၀ နီးပါးရှိ၊ လူ ၄၀၀ ကျော်က လမ်းသွားနေစဉ်နဲ့...

၆ လအတွင် ရန်ကုန်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရသူ အနည်းဆုံး ၁၂၀၀ နီးပါးရှိ၊ လူ ၄၀၀ ကျော်က လမ်းသွားနေစဉ်နဲ့ လမ်းဘေးထိုင်နေစဉ် အမေးအမြန်းမရှိဖမ်းဆီးခံခဲ့ရ

၁၆ ဇူလိုင် ၂၀၂၅

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လကြား ၆ လ အတွင်း မတရား ဖမ်းဆီးခံခဲ့ရသူများအနက် လူ ၁၁၈၃ ဦးရဲ့ ဖြစ်စဉ်တွေကို သတင်းရရှိခဲ့ပြီး အဲ့ဒီအထဲက ၁၆၉ ဦး ပြန်လွတ်လာကာ ၆ ဦးက ချုပ်နှောင်ထားတဲ့ နေရာတွေကနေ ထွက်ပြေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

၁၈၇ ဦးက အချုပ်ထောင် ဒါမှမဟုတ် စစ်သင်တန်းကျောင်းတွေကို ပို့ဆောင်ခံလိုက်ရပြီး ကျန်တဲ့ ၈၂၁ ဦးရဲ့ နောက်ဆက်တွဲအခြေအနေကိုမူ မသိရှိဘူးလို့ Rangoon Scout Network ကနေ သိရပါတယ်။

ရန်ကုန်မှာ ဖမ်းဆီးခံရသူတွေထဲမှာလူ ၄၀၈ ဦးဟာ လမ်းပေါ်သွားလာနေစဉ် လမ်းဘေးထိုင်နေစဉ် ဆိုင်ထိုင်နေစဉ် အစစ်အဆေး အမေးအမြန်းမရှိပဲဖမ်းဆီးခံရတာဖြစ်ပြီး ဧည့်စစ် ဖုန်းစစ် အိတ်ဖွင့်စစ် စသဖြင့် ရှောင်တခင် စစ်ဆေးခံရပြီး ဖမ်းဆီးခံခဲ့ရသူ ၂၉၇ ဦး ရှိတယ်လို့ ဆိုပါတယ်။

သတင်းအတိအကျနဲ့ ရှာဖွေဖမ်းဆီးခံခဲ့ရသူ ၂၇၈ ဦး ရှိပြီး အလုပ်ရမယ်လို့ လိမ်လည်ခေါ်ဆောင်ခံရကာ ဖမ်းဆီးခံခဲ့ရသူ ၈ ဦး ရှိပါတယ်။ ကျန်တဲ့ ၁၉၂ ဦးကိုတောင် ဘယ်လိုကြောင့် ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးပါဘူး။

စစ်ရေးလှုပ်ရှားသူ၊ သပိတ်လှုပ်ရှားသူ၊ ထောက်ပို့လုပ်ကိုင်သူ စသဖြင့် တော်လှန်ရေးအမှုတွေ တပ်ပြီး ဖမ်းဆီးခံလိုက်ရသူ ၈၆ ဦး ရှိခဲ့ပြီး ဆိုရှယ်မီဒီယာပေါ် မှာ စစ်ကောင်စီကို ဝေဖန်ပြောဆိုလို့ဆိုပြီး ထုတ်ပြန်ကြေညာ ဖမ်းဆီးခံခဲ့ရသူ ၁၃ ဦး ရှိတယ်လို့ သိရပါတယ်။

စစ်မှုထမ်းအတွက် ဖမ်းဆီးခံရသူ ၂၄၅ ဦး ရှိပြီး အဲ့ဒီအနက် ၉ ဦးသာ ပြန်လွတ်လာခဲ့ပြီး ၁၃၅ ဦးဟာ စစ်သင်တန်းကျောင်းတွေကို ပို့ဆောင်ခံလိုက်ရတာကို သိရပေမယ့် ကျန်တဲ့ ၁၀၁ ဦးရဲဲ့ နောက်ဆက်တွဲအခြေအနေတွေ မသိရဘူးဆို ဆိုပါတယ်။

စစ်သင်တန်းကျောင်းတွေကို ပို့ခံရသူတွေဟာ ရန်ကုန်တိုင်းအတွင်းက စစ်သင်တန်းကျောင်းတွေအပြင် နေပြည်တော်၊ ရမည်းသင်းနဲ့ ကျိုင်းတုံမြို့က စစ်သင်တန်းကျောင်းတွေဆီကိုပါ ပို့ဆောင်ခံရတာတွေရှိပါတယ်။

အခု ၆ လအတွင်း ဖောင်ကြီး စတခ ၁ နဲ့ ဂျိုးဖြူ တတက ၁ စစ်သင်တန်းကျောင်းတွေမှာ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၉ ကနေ ၁၄ ထိ စစ်ကောင်စီက ပြုလုပ်ခဲ့ပြီး စုစုပေါင်းလူဦးရေ ၃၆၀၀ ခန့်ဟာ သင်တန်းကျောင်းတွေကို ပို့ဆောင်ခံလိုက်ရတာဖြစ်ပါတယ်။

ပုံစာ – ရန်ကုန်မြို့တနေရာတွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များမှ လူငယ်များအား ဖမ်းဆီးခေါ်ဆောင်သွားပုံ (ပုံဟောင်း)

ဓါတ်ပုံ – CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး