၄ ဖေဖော်ဝါရီ၊ ၂၀၂၅
အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ ရက်အတွင်း ပြည်သူ ၂၀ ဦးထက်မနည်း သေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒီတပတ်အတွင်း ပြည်တွင်းသတင်းမှတ်တမ်းတွေအရ သိရပါတယ်။
ဇန်နဝါရီလ ၃၁ ရက်က ဖေဖော်ဝါရီ ၄ ရက်အထိ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်တာကြောင့် စစ်ရှောင်စခန်း၊ဘုန်းကြီးကျောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်းနဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက တင်သားကျေးရွာ ကျေးလက်ဆေးပေးခန်းနှင့် ကုက္ကိုကျေးရွာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ကလေးငယ်တွေနဲ့အမျိုးသမီးများအပါအဝင် ပြည်သူ ၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၄ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်က ကလေးမြို့တောင်ပိုင်းက ဆည်တော်ရွာ စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာပဲ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ပြည်သူ ၃ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီနေ့ ညနေ ၅ နာရီ ဝန်းကျင်မှာပဲ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် လွှဲတဲကျေးရွာအနီးက ဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ဗုံးကြဲချတဲ့အတွက် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂ ရက်၊ နေ့လည် ၁၁ နာရီဝန်းကျင်မှာ ကလေးမြို့တောင်ပိုင်းမှာရှိတဲ့ တင်သားနဲ့ ဒိုးနွယ်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ နှစ်ဦးရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂ ရက် မနက်ပိုင်းမှာပဲ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ထောက်ကြံ့ကုန်းရွာအနီးကို စစ်ကောင်စီက လေကြောင်းက ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး အရပ်သားတွေ အပါအဝင် ခြောက်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
၅ ရက်တာအတွင်းမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၅ ဦး၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ၊ စုစုပေါင်း ၂၀ ဦး သေဆုံးခဲ့ရပြီး လူ ၃၀ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပုံစာ – စစ်ကိုင်းတိုင်း ခမ်းပတ်မြို့ကို ဗုံးကြဲပြီးနောက်မြင်ကွင်း (ပုံဟောင်း)
ဓာတ်ပုံ – CJ