၂၃ ဖေဖော်ဝါရီ ၂၀၂၆
၂၀၂၆ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်နဲ့ တုံ့ပြန်မှုမဟာဗျူဟာ အစီရင်ခံစာအရ ပဋိပက္ခပြင်းထန်မှု၊ ဆက်တိုက်ဖြစ်ပွားနေတဲ့ သဘာဝဘေးအန္တရာယ်တွေ၊ စီးပွားရေးပြိုလဲမှုတွေ ပေါင်းစပ်လာတာကြောင့် လူသားချင်းစာနာမှု အကျပ်အတည်းဟာ ပိုမိုနက်ရှိုင်းလာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ဖော်ပြထားပါတယ်။
အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခပြင်းထန်မှုအဆင့်မှာ ဒုတိယနေရာအထိ ရောက်ရှိခဲ့ပြီး အရပ်သားတွေအတွက် အန္တရာယ်အရှိဆုံး နိုင်ငံတွေထဲမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ ပဋိပက္ခဒဏ်ကို တိုက်ရိုက်ခံနေရပြီး ကာကွယ်စောင့်ရှောက်ရေး အန္တရာယ်တွေက အဆိုးရွားဆုံးအဆင့်ကို ရောက်နေတယ်လို့ သုံးသပ်ထားပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံအလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် လူသားချင်းစာနာမှု လိုအပ်ချက်တွေဟာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။ အဆောက်အအုံပျက်စီးမှုအပြင် စိုက်ပျိုးရေးအခြေခံအဆောက်အအုံတွေ၊ ဆည်မြောင်းစနစ်တွေနဲ့ ဆန်စပါးသိုလှောင်ရုံတွေပါ ထိခိုက်ခဲ့တာကြောင့် လူဦးရေ ၂ သန်းနီးပါးရဲ့ စားနပ်ရိက္ခာဖူလုံမှုကို တိုက်ရိုက် ခြိမ်းခြောက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် နေရပ်စွန့်ခွာရသူ အရေအတွက်ဟာ ၃.၆ သန်းအထိ မြင့်တက်လာပြီး လူသားချင်းစာနာမှု အရင်းအမြစ်နဲ့ ဝန်ဆောင်မှုတွေကို မကြုံစဖူး ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ဆိုပါတယ်။ အနောက်မြောက်ပိုင်း၊ ရခိုင်နဲ့ အရှေ့တောင်ပိုင်းဒေသတွေမှာ နေရပ်စွန့်ခွာသူ အများဆုံးဖြစ်ပြီး နေထိုင်ရေး၊ စားနပ်ရိက္ခာနဲ့ ကာကွယ်စောင့်ရှောက်ရေး အခက်အခဲတွေကို အဓိက ရင်ဆိုင်နေရပါတယ်။
၂၀၂၆ ခုနှစ်အတွက် အကူအညီလိုအပ်သူ (People in Need – PiN) အရေအတွက်ကို လူဦးရေ ၁၆.၂ သန်းအထိ ခန့်မှန်းထားပြီး လူဦးရေရဲ့ ၄၅ ရာခိုင်နှုန်းနီးပါး ပါဝင်ပါတယ်။ ဒီအရေအတွက်ဟာ ၂၀၂၅ ခုနှစ်ထက် လျော့သွားသလို မြင်ရပေမယ့် အကူအညီပေးရေး နည်းပညာပိုင်းဆိုင်ရာ “Humanitarian Reset” ကြောင့် ပြန်လည်တွက်ချက်ထားတာဖြစ်ပြီး လိုအပ်ချက်ရဲ့ ပြင်းထန်မှုကတော့ ပိုမိုနက်ရှိုင်းလာနေတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။
ရန်ပုံငွေအကန့်အသတ်ကြောင့် ၂၀၂၆ ခုနှစ် လူသားချင်းစာနာမှု တုံ့ပြန်မှုစီမံချက်မှာ အရေးပေါ်အသက်ကယ်အကူအညီတွေကိုသာ အဓိကထားရပြီး ရန်ပုံငွေလိုအပ်ချက်ကိုလည်း ၂၀၂၅ ခုနှစ်က ၁.၄ ဘီလီယံ ဒေါ်လာမှ ၂၀၂၆ ခုနှစ်မှာ ၈၉၀ မီလီယံ ဒေါ်လာအထိ လျှော့ချထားပါတယ်။ ကူညီမယ့် လူဦးရေကိုလည်း ၆.၇ သန်းကနေ ၄.၉ သန်းအထိ လျှော့ချသတ်မှတ်ထားပါတယ်။
ပုံစာ – ၂၀၂၂ ခုနှစ်က ထိုင်းမြန်မာနယ်စပ်သောင်ရင်းမြစ်ကို ဖြတ်ကျော်၍ စစ်ဘေးရှောင်တွေအတွက် ရက္ခာများထောက်ပံ့နေစဉ်
ဓါတ်ပုံ – Reuters


