ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘောအုပ်စု တစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တိုက်ခိုက်ခဲ့တာကြောင့် တစ်စီးနစ်မြုပ်ပြီး သုံးစီးမီးလောင်သွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဇူလိုင်လ ၂၀ ရက်နေ့မှာ သတင်း ထုတ်ပြန်လာပါတယ်။
နစ်မြုပ်သွားတဲ့ သင်္ဘောဟာ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ တင်ဆောင်ထားတဲ့ တွဲတွန်း သင်္ဘောတစ်စီးဖြစ်ပြီး စစ်သင်္ဘော (၁)စီးနဲ့ အခြားတွန်းသင်္ဘော(၂)စီးက တော့ မီးလောင်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ဇူလိုင်လ (၁၇)ရက်နေ့က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ စ တင် ထွက်ခွာလာတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘော(၅)စီးပါသင်္ဘော(၁၄)စီးအုပ်စုဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က မတ္တရာမြို့နယ်၊ စဉ့်ကူး မြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေတစ်လျှောက် ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဟာ စစ်သင်္ဘောအုပ် အထက်ကိုဆန်တက်ရာမှာ မြစ်ကြောင်း တစ်လျှောက် Y-12 လေယာဉ်တွေနဲ့ ထပ်ကြပ်မကွာ ဗုံးကြဲစောင့်ရှောက်ပေးခဲ့ပြီး ဂျက်ဖိုက်တာ ၊ Mi-35 တွေနဲ့ပါ အကြိမ် ကြိမ်ဗုံးကြဲနေတဲ့ကြားက အခုလို အထိနာအောင်ထိ ပြည်သူ့ကာကွယ်ရေး တပ်မ တော်(မန္တလေး)က တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ-ပြည်သူ့ ကာကွယ်ရေး တပ်မတော် (မန္တလေး)


