နိုင်ငံတဝန်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလ တစ်လအတွင်း အရပ်သားပြည်သူ ၉၆ ဦးသေဆုံးခဲ့ပြီး ၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။
အဆိုပါသေဆုံးသူ ၉၆ ဦးအတွင်း ဖမ်းဆီးခံရပြီးနောက်မှ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၄) ဦးပါဝင်နေကြောင်းနဲ့ အတည်ပြုဖို့လိုအပ်နေတဲ့ တလအတွင်း သေဆုံးခဲ့သူ (၁၅၀) ဝန်းကျင်ခန့် အရေအတွက် ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်။
“ဧပြီလဆိုတာ မြန်မာတို့ရဲ့ နှစ်သစ်ကူးကာလ ဖြစ်ပေမဲ့ မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ သဘာဝဘေး အန္တရာယ်နဲ့ စစ်အုပ်စုကပေးတဲ့ လူလုပ်ဘေးအန္တ ရာယ်ကို ခံစားနေရတဲ့ မြန်မာပြည်သူတွေဟာ ပျော်ရွှင်ခြင်းတွေ ပျောက်ဆုံးခဲ့ရတဲ့ နှစ်သစ်ကူးလို့ပြောရမှာပါ။ ငလျင်ကြောင့် ခံစားခဲ့ရတဲ့ ပြည်သူတွေကိုကူညီဖို့ နိုင်ငံတကာ အကူအညီတွေရရှိခဲ့ပေမဲ့ အဲဒီအကူအညီတွေကို စနစ်တ ကျ စီမံခန့်ခွဲနိုင်တဲ့စွမ်းရည်နဲ့စေတနာ စစ်အုပ်စုဆီမှာ မတွေ့ရပါဖူး။ ဒါကြောင့်လည်း နိုင်ငံတကာ အကူအညီတွေဟာ တကယ်ခံစားနေရတဲ့ ပြည်သူတွေဆီ မှန်မှန် ကန်ကန်ရောက်ရှိမှု အားနည်းနေတာကိုလည်း တွေ့ရှိရပါတယ်” လို့ AAPP ရဲ့ ဖက်အတွင်းရေးမှူး ကိုဘိုကြည် ကပြောဆိုထားပါတယ်။
နိုင်ငံတ ကာနဲ့ UNအဖွဲ့တွေအနေနဲ့ လိုအပ်နေတဲ့ ပြည်သူတွေကိုကူညီဖို့ စဉ်းစားရာမှာ သဘာဝဘေးကြောင့် ဒုက္ခရောက်သူတွေအတွက်တင် မစဉ်းစားသင့်ဘဲ စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးကြဲလို့၊ လက်နက်ကြီးနဲ့ပစ်လို့ အိုးအိမ်မဲ့သွားရသူတွေ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားရသူတွေကိုလည်း ကူညီဖို့ ကြိုးစားသင့်ကြောင်းနဲ့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ ဒေသက လူတွေကိုသာ ကူညီနေတယ်ဆိုရင် တဖက်သတ်ဖြစ်ပြီး သွယ်ဝိုက်တဲ့နည်းနဲ့ စစ်အုပ်စု ကို လူသတ်လိုင်စင်ထုတ်ပေးနေသလို ဖြစ်နေပါလိမ့်မယ်လို့လည်း ၎င်းက ဆက်လက်ပြောဆိုထားပါတယ်။
ဓာတ်ပုံ – AAPP