Homeပြည်တွင်းသတင်းဦးအောင်ကိုဝင်းပိုင် KBZ နဲ့ ဦးဇော်ဇော်ပိုင် Max ကုမ္ပဏီတို့ စစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ကြီးကြီးမားမားတိုက်ရိုက်ပံ့ပိုးပေးခဲ့

ဦးအောင်ကိုဝင်းပိုင် KBZ နဲ့ ဦးဇော်ဇော်ပိုင် Max ကုမ္ပဏီတို့ စစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ကြီးကြီးမားမားတိုက်ရိုက်ပံ့ပိုးပေးခဲ့

၂၅ ဩဂုတ် ၂၀၂၅

၂၀၁၇ ခုနှစ်မှာ ကုမ္ပဏီနဲ့ အဖွဲ့အစည်းပေါင်းများဟာ မြန်မာစစ်အုပ်စုရဲ့ “နယ်မြေရှင်းလင်းစစ်ဆင်ရေး” အတွက် ပံ့ပိုးကူညီရန် ဒေါ်လာသန်းပေါင်းများစွာကို စစ်အုပ်စုထံ တိုက်ရိုက်လှူဒါန်းခဲ့ကြပါတယ်။

အဲ့ဒီ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေကို ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) က မှတ်တမ်းတင်ထားရှိခဲ့ပြီး၊ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ခရိုနီကုမ္ပဏီတွေ ဖြစ်ကြတဲ့ KBZ နဲ့ Max တို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အင်အားသုံး ထွက်ပြေး တိမ်းရှောင်စေခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နေအိမ်တွေထံ ပြန်လာနိုင်ခြင်းမရှိစေဖို့ နယ်စပ်ခြံစည်းရိုး ဆောက်လုပ်ရေးအတွက် ငွေကြေးလှူဒါန်းမှုများစွာ ပေးအပ်ခြင်းဖြင့် အထူးအားပေးအားမြောက်ပြုသူတွေအဖြစ်ပါဝင်ခဲ့တယ်လို့ Justice For Myanmar က ဆိုပါတယ်။

KBZ နဲ့ Max ကုမ္ပဏီတို့ဟာ “အခြားလူမဆန်သည့်ပြစ်မှုကြီးများ” မှာ ပါဝင်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွ ကျူးလွန်ရာမှာ ကြီးကြီးမားမားတိုက်ရိုက်ပံ့ပိုးပေးခဲ့ကြောင်း FFM က သုံးသပ်ခဲ့ပြီးသူတို့ကို တရားစွဲဆိုဖို့ တိုက်တွန်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဩဂုတ် ၂၅ ရက်ဟာ ရိုဟင်ဂျာတွေ အပေါ်မြန်မာစစ်အုပ်စုရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ ၈ နှစ်မြောက်နေ့ ဖြစ်ပေမယ့် ယခုအချိန်အထိ အဲ့ဒီကုမ္ပဏီတွေကို အပြစ်ပေးအရေးယူတာဝန်ခံစေတာ မရှိတဲ့အပြင် အဆိုပါ ကျူးလွန်သူတွေဟာ ကျူးလွန်လျက်ရှိတဲ့လက်ရှိနိုင်ငံတကာရာဇဝတ်မှုတွေက အကျိုးအမြတ်များ ဆက်လက် ရရှိနေကြတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုမှာ ဘဏ္ဍာငွေပံ့ပိုးခဲ့တဲ့ ကုမ္ပဏီတွေနဲ့ ကြံရာပါ အဖွဲ့အစည်းတွေကို ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး၊ တရားစွဲဆိုရမှာဖြစ်သလိုအိုင်စီစီအနေနဲ့ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့လည်း JFM က တိုက်တွန်းထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး