စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်ကော်မရှင်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ ထပ်မံအမှုဖွင့်ထားတယ်လို့ New Day Myanmar က စုံစမ်းသိရှိရပါတယ်။
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ နိုဝင်ဘာ ၆ ရက်မှာအမှုဖွင့်ထားတာဖြစ်တယ်လို့ သိရပြီး၊ အိုးဘိုထောင်တွင်းတရားရုံးမှာ အမှုစစ်ဆေးနေတယ်လို့ တရားရုံးနဲ့ နီး စပ်တဲ့သူတဦးက ဆိုပါတယ်။
” ထူးရင်တော့ ပြန်ပြောပါ့မယ်။ အခုကထောင်တွင်းတရားရုံးမှာ စစ်ဆေးနေတုန်းပါ”လို့ သူက ပြောပါတယ်။
ဒေါက်တာနေစိုးမောင်ကို အခု ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ကာ အင်းစိန်အကျဉ်းထောင်ကို ပြောင်းရွှေ့ထားပေမယ့် အခုထပ်မံစွဲဆိုလိုက်တဲ့ ၆၆(ဃ) အမှုအတွက် တရားရင်ဆိုင်ဖို့ အိုးဘိုးအကျဉ်းထောင်ကို ပြောင်းရွှေ့ထားတယ်လို့ သိရပါတယ်။
ဒေါက်တာနေစိုးမောင်ဟာ စစ်ကော်မရှင်ဆေးတပ်မှာ ဗိုလ်မှူးကြီးအဆင့်နဲ့ တာဝန် ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူကာ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှာ ပါမောက္ခ ချုပ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
ဒေါက်တာနေစိုးမောင်ဟာ အဖမ်းမခံရခင် အချိန်အထိ လူမှုကူညီရေးလုပ်ငန်းတွေနဲ့ အခမဲ့ ဆေးကုသပေးတာတွေကို နိုင်ငံတဝန်း သွားလာကူညီ လုပ်ဆောင်ပေးနေသူ တဦးဖြစ်ပါတယ်။
ဓာတ်ပုံ- CJ


