ဥရောပရဲ့နောက်ဆုံး အာဏာရှင်လို့ ခေါ်ကြတဲ့ ဘယ်လာရုစ်နိုင်ငံသမ္မတ လူကာရှန်ကိုဟာ မနေ့က နိုဝင်ဘာလ ၂၇ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ်နဲ့ ရောက်ရှိလာပါတယ်။
ဘယ်လာရုစ်သမ္မတဟာ စစ်ခေါင်း ဆောင် မင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်နဲ့ လာရောက်ခဲ့တာဖြစ်ပြီး မြန်မာ့လေပိုင်နက်ကိုရောက်တယ်ဆိုရင်ပဲ ရုရှားထုတ် စတုတ္ထမျိုးဆက်လွန် Su-30 SME တိုက်လေယာဥ်သုံးစီး လိုက်ပါခြံရံပြီး ကြိုဆိုခဲ့တယ်လို့ စစ်ကော်မရှင် ဂုဏ်ယူ ကြွားဝါ ထုတ်ပြန်ထားပါတယ်။
နေပြည်တော်လေဆိပ်ကို ဆင်းတဲ့အချိန်မှာတော့ ဘယ်လာရုစ်သမ္မတကို စစ်ကော်မရှင်ဝန်ကြီးချုပ် ဦးညိုစောနဲ့ အဖွဲ့က ကြိုခဲ့ကြပြီးနောက် စစ်ခေါင်းဆောင်နဲ့တွေ့ပြီး ချစ်ကြည်ရေးနဲ့ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဖို့ တွေ့ဆုံဆွေးနွေးတာတွေလုပ်ခဲ့ကြပြီး နှစ်နိုင်ငံအကြား နားလည်မှုစာ ချွန်လွှာတွေ လက်မှတ်ရေးထိုးဖို့ရှိတယ်လို့ စစ်ကော်မရှင်ဘက်က ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် မနေ့ မနက်ပိုင်းက ရန်ကုန်မြို့မှာ မြန်မာ-ဘယ်လာရုစ်စီးပွားရေးဖိုရမ်လုပ်ပြီး နှစ်နိုင်ငံသဘောတူစာချုပ် ၁၆ စောင် သဘောတူစာချုပ်ရေးထိုးခဲ့တယ်လို့လည်း စစ်ကောင်စီဘက်က သတင်းတွေ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-MOI


