Homeပြည်တွင်းသတင်းဥရောပရဲ့ နောက်ဆုံးအာဏာရှင် အလက်ဇန္ဒား လူကာရှင်ကို မြန်မာပြည်လာမယ်

ဥရောပရဲ့ နောက်ဆုံးအာဏာရှင် အလက်ဇန္ဒား လူကာရှင်ကို မြန်မာပြည်လာမယ်

၂၁ နိုဝင်ဘာ ၂၀၂၅

၁၉၉၃ ခုနှစ်ကတည်းကနေ အခုအချိန်အထိ ဘယ်လာရုဇ်ကို အစဥ်အဆက် ချုပ်ကိုင်အုပ်ချုပ်လာခဲ့တာမို့ ဥရောပရဲ့ နောက်ဆုံးအာဏာရှင်လို့ မကြာခဏ တင်စားခံရတဲ့ ဘယ်လာရုဇ်နိုင်ငံရဲ့ သမ္မတ အလက်ဇန္ဒား လူကာရှင်ကို ဟာ မကြာမီရက်ထဲ နေပြည်တော်ကို လာဖို့ရှိနေတယ်လို့ သံတမန်အသိုင်းအဝိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၃ ရက်ကနေ ၉ ရက်အထိ ရုရှားနဲ့ဘယ်လာရုဇ်ကိုသွားရောက်ခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြည်ပခရီးစဥ် ၆ ကြိမ်မြောက်မှာ ဘယ်လာရုဇ်သမ္မတနန်းတော်ထဲ အလက်ဇန္ဒား လူကာရှင်ကို နဲ့ မင်းအောင်လှိုင် တို့ ပထမဦးဆုံးအကြိမ်တွေ့ဆုံမှုအပြီး မင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်အရ လာရောက်ခဲ့တာဖြစ်တယ်လို့ သံတမန်အသိုင်းအဝိုင်းက ပြောပြပါတယ်။ အဲ့ဒီတွေ့ဆုံမှုမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လူကာရှင်ကို ကို အဂ္ဂမဟာသရေစည်သူ ဘွဲ့ပေးအပ်ခဲ့ပါတယ်။

အခုရက်ပိုင်းထဲမှာပဲ ငလျင်ဒဏ်သင့်နေပြည်တော်ရဲ့ လမ်းတစ်လျှောက်ကို အကြီးအကျယ်ပြင်ဆင်နေတာမှာ နေပြည်တော်လေဆိပ်ကနေ စစ်ကော်မရှင်ရုံးသွားရာလမ်းက အဓိကဦးစားပေးဖြစ်နေတယ်လို့ တည်ဆောက်ရေးသမားအချို့က ပြောပြကြပါတယ်။

“အရေးကြီးလူကြီးခရီးစဥ်ရှိနေလို့ဆိုပြီး တတ်သုတ်ရိုက်ပြင်ခိုင်းနေတာရှိပါတယ်”လို့ အမည်မဖော်လိုသူ တည်ဆောက်ရေးသမားတဦးက ပြောပါတယ်။

နေပြည်တော်ကတော့ ဘယ်လာရုဇ်ခရီးစဥ်ကို အထူးလျှိုဝှက်ထားပြီး၊ အနားကပ်မှ ထုတ်ပြန်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

နေပြည်တော် နဲ့ ဘယ်လာရုဇ်အကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အနည်းဆုံး ၁၀ ခုထက် မနည်းရှိလာလိမ့်မယ်လို့ စီးပွားရေးအသိုင်းအဝိုင်းထဲ ကျယ်ကျယ်ပြန့်ပြန့်သတင်းတွေထွက်နေပါတယ်။

ဘယ်လာရုဇ်ဟာ စစ်ခေါင်းဆောင်အတွက် အရေးကြီးတဲ့ မဟာမိတ်အဖြစ် သတ်မှတ်ခံထားရပြီး၊ မြန်မာနိုင်ငံရွေးကောက်ပွဲကျင်းပဖို့ ရက်အတိအကျကို ဘယ်လာရုဇ်မှာ ထုတ်ပြောခဲ့တာကြည့်ရင် သိနိုင်တယ်လို့ သံတမန်အသိုင်းအဝိုင်းက ကောက်ချက်ရနေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး