၁၇ ဇန်နဝါရီ၊ ၂၀၂၅
ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ်ထရာက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံးကို ဒစ်ဂျစ်တယ်နဲ့ပတ်သတ်ပြီး အွန်လိုင်းလိမ်လည်မှုနိမ်နင်းရေး၊ သတင်းမှားထုတ်လွှင့်မှုနဲ့ အေအိုင်နဲ့ပတ်သတ်တဲ့ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Avani Plus Riverside Hotel မှာကျင်းပတဲ့ ၅ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးကို ဘရူနိုင်းဒါရုစလမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ဆွေးနွေးဖက်နိုင်ငံတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်ရဲ့ အဖွင့်မိန့်ခွန်းမှာ အွန်လိုင်း လိမ်လည်မှုတွေက ဒစ်ဂျစ်တယ်ပလပ်ဖောင်းတွေကို ယုံကြည်နေသူတွေကို ခြိမ်းခြောက်ပြီး နိုင်ငံသားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်နစ်နာစေတယ်လို့ ဆိုပါတယ်။ ဘေးကင်းတဲ့ဂေဟစနစ်ဖန်တီးဖို့၊ အကောင်းဆုံးအလေ့အကျင့်များမျှဝေဖို့နဲ့ လူတွေရဲ့ အသက်မွေးဝမ်းကြောင်းတွေကို ကာကွယ်တဲ့စံပြုစနစ်တွေ ဖန်တီးဖို့ အာဆီယံအဖွဲ့ဝင်တွေ အတူတကွလုပ်ဆောင်ဖို့အတွက် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
၅ ကြိမ်မြောက် အာဆီယံ ဒစ်ဂျစ်တယ် ဝန်ကြီးများ အစည်းအဝေးရဲ့ ဆောင်ပုဒ်မှာ “Secure, Innovative, Inclusive: ASEAN’s Digital Future ကို ပုံဖော်ခြင်း” ခေါင်းစဉ်နဲ့ ကျင်းပခဲ့တာ ဖြစ်ပြီး မကြာသေးခင်က ထိုင်းမြန်မာနယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းတွေရဲ့ လူကုန်ကူးမှု ပြဿနာကိုလည်း ထည့်သွင်းဆွေးနွေးဖွယ်ရှိနေပါတယ်။