၁၇ ဇန်နဝါရီ၊ ၂၀၂၅
အွန်လိုင်းလောင်းကစားတွေနဲ့ လိမ်လည်မှုတွေကို အာဆီယံနိုင်ငံတွေနဲ့ပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော် နှိမ်နှင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အာဆီယံ သံတမန်တွေကို ပြောဆိုလိုက်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဇန်နဝါရီ ၁၆ ရက်က တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ ကျင်းပတဲ့ တရုတ်နဲ့ အာဆီယံနိုင်ငံ ၁၀ ရဲ့ အာဆီယံ သံတမန်တွေ တွေ့ဆုံပွဲမှာ အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းအများစုဟာ ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာရှိနေပြီး သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ ဒီရာဇဝတ်မှုတွေ ရှင်းလင်းနှိမ်နှင်းဖို့အတွက် တာဝန်ယူမှုနဲ့ ခိုင်မာတဲ့ အရေးယူမှုတွေဆောင်ရွက်ကြမှာဖြစ်တယ် လို့လည်း မစ္စတာ ဝမ်ယိက ဆိုပါတယ်။
ဒီလိမ်လည်မှုတွေဟာ တရုတ်နိုင်ငံသားတွေသာမက တခြားနိုင်ငံသားတွေကိုပါ ခြိမ်းခြောက်နေပြီး ထိခိုက်နေတယ်လို့ ပြောဆိုလိုက်ပြီး တရုတ်နိုင်ငံ အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့အတူ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကိစ္စတွေ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောဆိုပါတယ်။
ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲမှာ ငွေလိမ်ဂိုဏ်းတွေမှာ ပိတ်လှောင်ခံထားရတဲ့ တရုတ်နိုင်ငံသား ၉၀၀ ကျော်ကို ပြန်လွတ်ဖို့ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကလည်း အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၃၁၀၀၀ ကို တရုတ်ကို ပြန်ပြီး လွှဲပြောင်းပေးအပ်ထားပါတယ်။
တရုတ်မင်းသား ဝမ်ရှင်းကို ထိုင်းမြန်မာနယ်စပ် မြဝတီဘက်ခြမ်းက ကျားဖြန့်ခေါ် အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းတွေက လူကုန်ကူးခဲ့တဲ့တဲ့အချိန်မှာ တရုတ်နဲ့ဒေသတွင်းမှာ ဒီရာဇဝတ်မှုတွေကို စိတ်ဝင်စားမှု ပိုပြီး မြင့်တက်လာပါတယ်။