Homeပြည်တွင်းသတင်းအောက်တိုဘာလအတွင်း PDF နဲ့ ပကဖ (၆) ဦးကို NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက အရေးယူကြောင်း သတင်းထုတ်ပြန်

အောက်တိုဘာလအတွင်း PDF နဲ့ ပကဖ (၆) ဦးကို NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက အရေးယူကြောင်း သတင်းထုတ်ပြန်

၁၇ နိုဝင်ဘာ၊ ၂၀၂၄

၂၀၂၄ခုနှစ်၊ အောက်တိုဘာလအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၆ ဦးကို အဆင့်ဆင့်စစ်ဆေးပြီး အရေးယူခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၆ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အကျဉ်းစစ်တရားရုံးနဲ့ စစ်ဆေးပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (၁) ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စစ်ခုံရုံးနဲ့ စစ်‌ဆေးပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (၁) ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံးနဲ့ စုံစမ်းစစ်ဆေးပြီး ပေါ်ပေါက်ချက်အရ စီမံခန့်ခွဲမှု နည်းလမ်းဖြင့် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် (၄) ဦး ထဲက (၁) ဦးကို ရာထူးက ထုတ်ပယ်ခြင်း၊ (၂) ဦးကို တာဝန်က (၆) လ ယာယီ ရပ်ဆိုင်းတာ၊ (၁) ဦး ကို စာနဲ့ သတိပေး အရေးယူတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို စည်းကမ်းသေဝပ်ပြီး ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်တစ်ရပ် ဖြစ်လာစေဖို့ ရည်ရွယ်တည်ဆောက်နေပြီး၊ လိုအပ်တဲ့ ထိန်းကြောင်းမှုတွေကို အဆင့်ဆင့်ဆောင်ရွက်နေကာ မျှတတဲ့တရားစီရင်မှုတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူတာတွေ ဆောင်ရွက်နေတယ်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သခွတ္တောရွာက အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့တဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က ရွှေဘိုခရိုင်တပ်ရင်း (၂)က ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ဆယ်နှစ် ချမှတ်ကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ထားဖူးပါတယ်။

Photo – NUG MOD

ဆက်စပ် သတင်းများ

Most read