၅ ဖေဖော်ဝါရီ၊ ၂၀၂၅
အမေရိကန်ပြည်ထောင်စု၊ မြို့တော် ဝါရှင်တန်ဒီစီက ဘဏ္ဍာရေးဝန်ကြီးဌာနရုံးရှေ့မှာ အီလွန်မက်စ်ချုပ်ကိုင်ထားတဲ့ DOGE ဌာနရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သတ်ပြီး အမေရိကန်ပြည်သူတွေနဲ့ ဒီမိုကရက်အမတ်တွေ စုပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။
အီလွန်မက်စ်ရဲ့ DOGE ဌာနကို သမ္မတထရမ့်ရဲ့အမိန့်အရ အမေရိကန်ပြည်ထောင်စုအစိုးရအဖွဲ့ ရဲ့ ဘဏ္ဍာရေး စနစ်တစ်ခုလုံးကို ဝင်ရောက်ကြည့်ရှုခွင့်ပေးတာ နဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
မက်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် အဲလီဇဘတ်ဝါရင်က “ အီလွန်မက်စ်ကို ဘယ်သူကရွေးကောက်ထားလို့ အမေရိကန်ပြည်သူတွေပိုင်တဲ့ အာဏာကို သိမ်းပိုက်ဖို့ ကြံစည်နေတာလဲ၊ ဒါကို ကျွန်မတို့ ခုခံရပါမယ်။ ဒီကိစ္စက ရှင်တို့ လုပ်နေကြ ကုမ္ပဏီစီးပွားရေးလို မဟုတ်ဘူး” လို့ အီလွန်မက်စ်ကို ရည်ရွယ်ပြီး ဆန္ဒပြလူထုကို မိန့်ခွန်းပြောတဲ့အထဲ ထည့်သွင်းပြောဆိုပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ခံမဟုတ်တဲ့ အီလွန်မက်စ်ကို တွဲဖက်သမ္မတ အဖြစ် ခန့်ထားတယ်လို့ ဆန္ဒပြသူတွေက ပြောဆိုကြပါတယ်။ အီလွန်မက်စ်ဟာ ရွေးကောက်ခံမဟုတ်ဘဲ သမ္မတအမိန့် နဲ့ခန့်ထားတဲ့ ဌာနသစ်တစ်ခုရဲ့ တာဝန်ရှိသူသာဖြစ်တာကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေစနစ်ကို ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူးလို့လည်း အဲလီဇဘတ်ဝါရင်က ပြောဆိုပါတယ်။
အီလွန်မက်စ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ စွမ်းဆောင်ရည်ကိုစစ်ဆေးရေးဌာန – Department of Government Efficiency (DOGE) ကို ဖက်ဒရယ်အစိုးရအဖွဲ့ရဲ့ ဘဏ္ဍာငွေ စီးဆင်းမှုစနစ်တစ်ခုလုံးကို ဝင်ရောက်စစ်ဆေးခွင့်ပြုဖို့ ဘဏ္ဍာရေးဝန်ကြီး စကော့ဘစ်စင်က ပြီးခဲ့တဲ့တနင်္လာနေ့မှာ သဘောတူခဲ့ပါတယ်။
ဒါကြောင့် အမေရိကန်ရဲ့ အင်အားကြီးအလုပ်သမားသမဂ္ဂတွေဖြစ်တဲ့ အငြိမ်းစားအမေရိကန်မဟာမိတ်အဖွဲ့၊ ဖက်ဒရယ်အစိုးရဝန်ထမ်းများသမဂ္ဂနဲ့ ဝန်ဆောင်မှုဆိုင်ရာဝန်ထမ်းများအပြည်ပြည်ဆိုင်ရာသမဂ္ဂတို့က သူတို့နဲ့ ဖက်ဒရယ်အစိုးရကြားက ငွေစီးဆင်းမှုတွေကို အီလွန်မက်စ် ကြည့်ခွင့်မရှိကြောင်း တရားစွဲဆိုခဲ့ပါတယ်။
ဓာတ်ပုံ – The Guardian