၂၇ ဇန်နဝါရီ ၂၀၂၆
မြန်မာစစ်ကော်မရှင်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်နိုင်ဖို့ အီရန်နဲ့ ဆက်စပ်နေတဲ့ ခြေရာဖျောက်ထားတဲ့ သင်္ဘောလမ်းကြောင်းတွေ ကို အသုံးပြုပြီး လေယာဉ်လောင်စာဆီတွေ တင်သွင်းနေတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ Amnesty International က ဖော်ထုတ်လိုက်ပါတယ်။
Amnesty ရဲ့ စုံစမ်းချက်အရ အဲ့ဒီ သင်္ဘောတွေဟာ သင်္ဘောတည်နေရာကို အလိုအလျောက်ဖော်ပြတဲ့ AIS ရေဒါစနစ်ကို ပိတ်ထားပြီး ခြေရာဖျောက်သွားလာနေကြတာဖြစ်ပြီး၊ လေယာဉ်ဆီတင်လာတဲ့ လမ်းကြောင်းတွေဟာ အီရန်နဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အများဆုံးဖြစ်ပွားခဲ့တဲ့နှစ်ဖြစ်သလို၊ အဲ့ဒီကာလအတွင်း လေယာဉ်လောင်စာဆီ တင်သွင်းမှုကလည်း ၂၀၂၄ ခုနှစ်ထက် သိသိသာသာ တိုးလာခဲ့တယ်လို့ Amnesty က ပြောပါတယ်။ ၂၀၂၅ ခုနှစ်တစ်နှစ်တည်းမှာပဲ လေယာဉ်ဆီ မက်ထရစ်တန်ချိန် တစ်သိန်းတစ်သောင်းနီးပါး တင်သွင်းခဲ့တာဖြစ်ပြီး၊ အာဏာသိမ်းပြီး ၅ နှစ်အတွင်း အများဆုံးပမာဏ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီလို လေယာဉ်ဆီတင်သွင်းရာမှာ စစ်ကော်မရှင်ဟာ ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားလို ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရတဲ့ နိုင်ငံတွေ သုံးလေ့ရှိတဲ့ နည်းလမ်းအတိုင်း ခြေရာဖျောက်ထားတဲ့ သင်္ဘောတွေ ကို အားကိုးလာတာဖြစ်တယ်လို့ Amnesty က သုံးသပ်ထားပါတယ်။
Amnesty က ၂၀၂၄ ခုနှစ် ဇူလိုင်လကစပြီး ၂၀၂၅ ခုနှစ်အထိ ခြေရာကောက်စုံစမ်းခဲ့ရာမှာ AIS ရေဒါပိတ်ထားတဲ့ သင်္ဘော ၄ စင်းကို အနည်းဆုံး ၉ ကြိမ် လေယာဉ်လောင်စာဆီ သီးခြားတင်ပို့မှုမှာ တွေ့ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ အဲ့ဒီအထဲမှာ အမေရိကန်ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ သင်္ဘော ၂ စင်းလည်း ပါဝင်နေပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကုန်စည်စီးဆင်းမှုတွေကို ခြေရာခံနေတဲ့ Kpler ပလက်ဖောင်းရဲ့ အချက်အလက်တွေအရလည်း အဲ့ဒီ သင်္ဘော ၂ စင်းကနေ မြန်မာနိုင်ငံကို တင်ပို့တဲ့ လောင်စာဆီတွေဟာ အီရန်ကနေ လာတာဖြစ်နိုင်ခြေ မြင့်မားတယ်လို့ သုံးသပ်ထားပါတယ်။ Amnesty ရဲ့ ဂြိုဟ်တုပုံရိပ်တွေကလည်း အီရန်နဲ့ ဆက်စပ်မှုရှိနေတာကို ညွှန်ပြနေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လောင်စာဆီရဲ့ မူလရင်းမြစ် အတိအကျနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေကိုတော့ အခုအချိန်ထိ အတည်မပြုနိုင်သေးဘူးလို့ Amnesty က ပြောပါတယ်။
Amnesty ဟာ အရင်နှစ်တွေတုန်းကလည်း မြန်မာစစ်ကော်မရှင်ရဲ့ လေယာဉ်လောင်စာဆီ တင်သွင်းလမ်းကြောင်းတွေကို ဂြိုဟ်တုပုံရိပ်တွေနဲ့ အကြိမ်ကြိမ် ဖော်ထုတ်ခဲ့ပြီး၊ ဒါတွေဟာ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားစေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။


