Homeဆောင်းပါးအိုးဘိုထောင် ဗုံးကျဲမှု ဝိရောဓိ

အိုးဘိုထောင် ဗုံးကျဲမှု ဝိရောဓိ

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကနေ ကြေညာချက်တစောင်ထွက်လာခဲ့ပါတယ်။ အဲ့ဒါကတော့ မန္တလေးအိုးဘိုအကျဉ်းထောင်က အမျိုးသားဆောင်ကို ဗုံးကြဲချတာကြောင့် အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဉ်းသား ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြရတယ်ဆိုပြီးတော့ပါပဲ။

အဲ့ဒီဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ်၊ ‌‌‌‌‌‌‌‌ဩဂုတ် ၈ ရက်‌နေ့ မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးကြဲချခဲ့ခြင်းဖြစ်ပြီး အိုးဘိုအကျဉ်းထောင်က အမျိုးသား အဆောင် ၄ နဲ့ အဆောင် ၆ အပေါ်ကို ကျရောက်ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

ဩဂုတ် ၁၈ ရက်က PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကို New Day Myanmar က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ “ကျွန်တော်တို့သိထားတာက ဒရုန်းနဲ့ကြဲတာဖြစ်ပါတယ်။ ဗုံးသုံးလုံးချတဲ့အထဲမှာ နှစ်လုံးကွဲပြီး ကျွန်တော်တို့ နိုင်ငံရေးအ ကျဉ်းသား သေဆုံးသူအနည်းဆုံး ၇ဦးရှိပါတယ်။ ဆက်ပြီးလည်း အတည်ပြုနေဆဲပါ။အခြေအနေက လျို့ဝှက်ထားတဲ့အခြေအနေဖြစ်တယ်။သတင်းကိုအမှောင်ချထားတာဖြစ်တယ်။ ဒါဖြစ်ပြီးထဲက ထောင်ဝင်စာတွေ့ခွင့်ကို အမျိုးသားအဆောင်ကိုတပတ်‌လောက်မပေးတာမျိုးတွေရှိတယ်။ ဒီအခြေအနေကြောင့် ထောင်အပြင်ကိုသတင်းမထွက်တာမျိုးလို့ သုံးသပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါကြောင့် New Day Myanmar အနေနဲ့ Drone တပ်ခွဲတခုမှာ တာဝန်ထမ်းဆောင်နေတဲ့ PDF ရဲဘော် တဦးကို ဆက်သွယ်ပြီးမေးမြန်းကြည့်ရာမှာတော့ “ထောင်တွေကတော့ ဒရုန်းနဲ့ drop bomb ချဖို့ဆိုတာမလွယ်ဘူး။ ဂျမ်မာတွေ ခံထားတယ်။ ပြီးတော့ မန္တလေးက သူတို့(စစ်တပ်) ထိန်းချုပ်ထားတဲ့ နေရာဆိုတော့ပိုပြီးတောင် မလွယ်ပါဘူး။”လို့ သုံးသပ်ပြပါတယ်။

အဲ့ဒီနေ့မှာပဲ အဲ့ဒီဖြစ်စဉ်ဖြစ်ခဲ့တာမျိုးကို မရှိခဲ့ဘူးဆိုပြီး မန္တလေးက နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေသူတွေဆီက အသံတွေ ထွက်လာခဲ့ပါတယ်။

” ၈ ရက်နေ့က ကျွန်တော်ကိုယ်တိုင် ထောင်ဝင်စာသွားတွေ့တယ်၊ အဖွဲ့ထဲက ညီလေးက သူ့ကောင်မလေးကိုလည်း သွားတွေ့တယ်၊ နောက် ညီလေး တယောက်လည်း သွားတွေ့တယ်။ ထောင်မကြီးထဲအထိ ထောင်ဝင်စာအတွက် လူတွေ့တွေ ဘာတွေ လုပ်ရတဲ့ စာရင်းတွေ ဖြည့်ရတဲ့နေရာအထိပေါ့နော် အဲ့နေရာအထိ အေးဆေးရောက်တယ်။ အဲ့တော့ ဧည့်တွေ့ တွေ့လို့ရတယ်ဆိုကတည်းက ထောင်ထဲမှာ ဧည့်တွေ့သမားတွေ ဆီက နေတဆင့် စကားက ပြန်ထုတ်မှာပဲ။”လို့ မန္တလေးက နိုင်ငံရေးအကျဉ်းသားတွေကို ကူညီဆောင်ရွက်ပေးနေသူ တဦးက New Day Myanmar ကိုပြောပါတယ်။

သူက ဆက်ပြီး ထောင်နဲ့ပတ်သက်တဲ့ သတင်းတွေကို အပြင်မှာ အမှားတွေ ထွက်တဲ့အခါ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အငြိုးထား နှိပ်စက်တက်တာကြောင့် သတင်းတွေကို သတိထားပြီး ထုတ်စေချင်တယ်လို့ လည်း ပြောပါတယ်။

ဩဂုတ် ၁၇ ရက်မှာတော့ ဗုံးကျမှုကြောင့် အကျဉ်းသား ၁၇ ဦးသေဆုံးတယ်ဆိုပြီး PPNM က နာမည်စာရင်းတွေနဲ့ တကွ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ကြောင့် ပဲ အကျဉ်းသား မိသားစုတွေ စိုးရိမ်မှုတွေဖြစ်ခဲ့တယ်လို့ သူကပြောပါတယ်။

“ကျွန်တော့်မိတ်တွေ တယောက်က ထောင်ထဲမှာ ဝန်ထမ်းတယောက်ပါ။ သူနဲ့ စုံစမ်းကြည့်တော့ သူလည်း မကြားမိဘူးလို့ ပြောတယ်။ နောက်ပြီးတော့ ကျွန်တော် နေတဲ့ နေရာက ထောင်နဲ့ သိပ်မဝေးဘူး။ ပေါက်ကွဲတယ်ဆိုတာ ခြင်လုံဇကာနဲ့ အုပ်ထားလို့ရတာမဟုတ်ဘူးလေ။”လို့ အိုးဘိုထောင်အနီးနေထိုင်သူ တဦးက ပြောပါတယ်။

“အိုးဘို သတင်းမှားနေပါတယ်ကို မှားပါတယ်လို့ ပြောခွင့်ရဖို့ ကျနော်တို့ ထုတ်ဖော်ခဲ့လို့ ဒီထဲရောက်ခဲ့တာ။”လို့ အိုးဘိုထောင်မှာ အကျဉ်းကျဖူးတဲ့ နိုင်ငံရေးအကျဉ်းသား တဦးက ပြောပါတယ်။

New Day Myanmar ရဲ့ စုံစမ်းမှုတွေအရ ဩဂုတ် ၈ ရက်နောက်ပိုင်း ထောင်ဝင်စာ နဲ့ ထောင်ထဲကတော့ အပြင်ကို ငွေတောင်းတဲ့ စာတွေ ရတဲ့အခါမှာလည်း ထူးခြားချက်မရှိဘူးဆိုတာတွေ့ရပါတယ်။

PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကတော့ “ဒီကိစ္စက တော်တော်လေး ကိုမှ နက်နဲသွားတဲ့ ကိစ္စ တခုဖြစ်ပါတယ် ။ PPNM ရဲ့ ဟို ၂ နှစ် ကျော် လုပ်ဆောင်မှု ထဲမှာတော့ တော်တော်လေး ကိုမှအငြင်းပွားစရာ ကိစ္စ တခု အဖြစ်ကို ရောက်သွားတယ်။ ကျွန်တော် တို့ ကတော့ ပြောလိုတာက ဒီထုတ်ပြန်ချက်ကို စနစ်တကျကို ကျွန်တော်တို့ အချိန်ယူပြီးမှ ဒေတာခိုင်မာပြီဆိုမှ ထုတ်ပြန်ခဲ့ခြင်းဖြစ် ပါတယ်။ ကျွန်တော် တို့ လက်ရှိ PPNM က အဲ့ဒီထုတ်ပြန် ပြီး ရင်ဆိုင်လိုက်ရတဲ့ အခြေအနေက အကျဉ်းဦးစီးနဲ့တင်မဟုတ်ဘဲ စစ်တပ်နဲ့ ရဲနဲ့ စရဖနဲ့ပါ ရင်ဆိုင် ကျွန်တော် တို့ တွေ့ရ ပါတယ်။ ဒါကြောင့်မို့ လို့ကျွန်တော်တို့ကတော့ ကျွန်တော် တို့ရဲ့ ထုတ်ပြန်ချက် တခုအတွက်တော့ တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ သတင်းတွေ ကိုပဲ ထုတ်ပြန်ခဲ့ တာဖြစ်ပြီးမှ တကယ်ဖြစ်ခဲ့တဲ့ အခြေအနေတွေကိုပဲ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ တာဝန်ယူမှု တာဝန်ခံမှုရှိတာ နဲ့ ပြန်လည် ရင်ဆိုင်သွား မှာဖြစ်ပါတယ်။ အဲ့တော့ ကျွန်တော် တို့ မှားယွင်းမှု ကိစ္စ ဖြစ်ခဲ့တယ် ဆိုရင် ကျွန်တော်တို့ မှားယွင်းပါစေ ဒီ ၁၇ ယောက် တော့ အသက် တွေပြန်ရှင်လာမယ် ဆိုရင် ကျွန်တော်တို့တွေက ပြည်သူလူထုကိုရော ဒီနိုင်ကျဉ်း မိသားစုတွေကိုရော ပြန်လည်ဝန်ချ တောင်းပန်ဖို့ ကျွန်တော်တို့ တောင်းပန်စာ ရေးသားဖို့ အမြဲတမ်း အသင့် ရှိပါတယ် လို့ ပြောချင်ပါတယ်ဗျာ”လို့ New Day Myanmar ကိုဖြေကြားထားပါတယ်။

ဒါပေမယ့် စစ်တပ်ဟာ သူတို့ရဲ့ လုံခြုံရေးကြိုပေါက်မှုဖြစ်ဖြစ်၊ အရှက်ရစရာ ကိစ္စဖြစ်ဖြစ် အရှက်မဲ့စွာပဲ ပုံစံမျိုးစုံပုံဖျက်ပြီး လုပ်ဆောင်တတ်တယ်ဆိုတာကိုတော့ မန္တလေးဒေသခံတွေသာမက မြန်မာတနိုင်ငံလုံးက လက်ခံထားတဲ့ အမှန်တရားပဲဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး