Homeပြည်တွင်းသတင်းအိုးဘိုထောင်မှာ ငလျင်ကြောင့် ပျက်စီးနေတဲ့ အဆောက်အအုံတွေထဲမှာ အကျဉ်းသားတွေကို အတင်းအကြပ်နေထိုင်ခိုင်းနေ

အိုးဘိုထောင်မှာ ငလျင်ကြောင့် ပျက်စီးနေတဲ့ အဆောက်အအုံတွေထဲမှာ အကျဉ်းသားတွေကို အတင်းအကြပ်နေထိုင်ခိုင်းနေ

၂၀ ဧပြီ၊ ၂၀၂၅

စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးက အိုးဘိုထောင်ပြိုကျမှုမှာ အကျဉ်းသား ၃၀ ထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၈၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေးဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေထံက သိရပါတယ်။

ပျက်စီးဆုံးရှုံးမှုဟာ မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့နိုင်ငံရေးအကျဉ်းသားအရေးဆောင်ရွက်နေတဲ့ အဖွဲ့ အစည်း ၇ ဖွဲ့ရဲ့ ဧပြီ ၂၀ ရက်ပူးပေါင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အိုးဘိုထောင်အတွင်းက နိုင်ငံရေးအကျဉ်းသူ/သားတွေအနေနဲ့ ငလျင်ကပ်ဘေးကို ဆိုးရွားစွာထိခိုက်ခံစားခဲ့ကြရပေမယ့် ခုချိန်အထိ ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာအဖွဲ့စည်းတွေထံက လူသားချင်းစာနာ ထောက်ထားမှု အကူအညီမရရှိကြတဲ့ အပြင် စစ်အုပ်စုရဲ့သတင်းအမှောင်ချခံထားရတယ်လို့ ဆိုပါတယ်။

ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် ထိခိုက်ခံစားထားရတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေဟာ ထောင်တွင်းဆေးကုသမှု လုံလုံလောက်လောက် မရရှိကြရတဲ့ အပြင် အကျဉ်းထောင်ဝန်ထမ်းတွေရဲ့ ဖိနှိပ်မှုတွေပါခံစားနေရတယ်လို့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မီတီဝင် ကိုသိုက်ထွန်းဦးက”အကျဉ်းထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေရဲ့ အသက်တွေဟာ တခုချင်းစီဟာ တန်ဖိုးရှိနေတာဖြစ်တဲ့ အတွက် အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေ လက်ရှိဆေးဝါးကုသဖို့ လိုအပ်နေတာတွေ အများကြီးရှိနေတယ်၊ ထောင်တွင်းဆေးဝါးပြတ်လတ်မှုတွေ အများကြီးကြုံနေရတယ်၊ ဒါတွေအားလုံးကိုတော့ နိုင်ငံတကာနေနဲ့ ပိုပြီး ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပိုပြီလုပ်ပေးဖို့ မျှော်လင့်ပါတယ်။”လို့ New Day Myanmar ကိုပြောပါတယ်။

ငလျင်ကြောင့် ပျက်စီးယိုယွင်းနေတဲ့ အကျဉ်းထောင်အဆောက်အအုံတွေ အတွင်းဝင်ရောက်နေထိုင်ဖို့ အတင်းအကြပ်စေခိုင်းမှုတွေရှိနေပြီး နောက်ဆက်တွဲငလျင်တွေအကြောင့် အချိန်မရွေးထိခိုက်သေဆုံးနိုင်ချေရှိနေတယ်လို့သိရပါတယ်။

ဆက်စပ် သတင်းများ

Most read