စစ်ကိုင်းတိုင်းထဲက စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တဲ့ အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အထူးစိိုးရိမ်မိတယ်လို့ ဆိုပါတယ်။
မေလ ၁၂ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ၏ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric ကပြောကြားလိုက်တာဖြစ်ပါတယ်။
“စစ်ကိုင်းတိုင်း ထဲက စာသင်ကျောင်း ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အထူးစိုးရိမ်ကြောင်းနဲ့ရှုတ်ချပါတယ်။ ဒီဖြစ်စဉ်မှာ ကလေးတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။ မြန်မာစစ်ကောင်စီက ငလျင်ကြောင့် မေလ ၃၁ ရက်အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားချိန်မှာပဲ ဖြစ်တာပါ။ ပဋိပက္ခကာလတွေ မှာလည်း ကျောင်းတွေဟာ အကာအကွယ် ရရှိရမှာဖြစ်ပြီး ကလေးတွေ လုံခြုံစွာ ပညာသင်ကြားနိုင်ရမှာပါ။ ဗုံးကျဲခံရမှာ မဟုတ်ပါဘူး။”လို့ Stéphane Dujarric ကပြောပါတယ်။
စစ်ကောင်စီ တပ်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို မေ ၁၂ ရက်မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခဲ့တဲ့နေ့မှာပဲ ကျောင်းသား ၂၀ ဦး နဲ့ ဆရာ ၂ ဦး စုစုပေါင်း ၂၂ ဦး သေဆုံးပြီး လူပေါင်း ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။ ခုချိန်အထိတော့ သေဆုံးသူ ၂၄ ဦးရှိလာပြီဖြစ်ပါတယ်။