Homeနိုင်ငံတကာသတင်းအိန္ဒိယနိုင်ငံဟာ စစ်ကောင်စီအတွက် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နိုင်ဖို့ အားပေးကူညီနေကြောင်း JFM ထုတ်ဖော်

အိန္ဒိယနိုင်ငံဟာ စစ်ကောင်စီအတွက် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နိုင်ဖို့ အားပေးကူညီနေကြောင်း JFM ထုတ်ဖော်

၁၆ ဇွန်၊ ၂၀၂၄

အိန္ဒိယအစိုးရဟာ စစ်ကောင်စီလက်ရှိကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီနေတယ်လို့ JFM က ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

၂၀၁၉ ခုနှစ် ဇူလိုင်လမှာ အိန္ဒိယနဲ့ မြန်မာတို့ဟာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Stockholm International Peace Research Institute ရဲ့ အချက်အလက်တွေအရ ၂၀၁၇-၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံကို တတိယမြောက် လက်နက်အများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်ပါတယ်။

အိန္ဒိယမူဝါဒရေးရာသုတေသနအဖွဲ့ Vivekananda International Foundation ရဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ အစီရင်ခံစာအရ အိန္ဒိယ စုစုပေါင်းလက်နက်တင်ပို့မှုရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တယ်လို့သိရပါတယ်။

ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံကို လွှဲပြောင်းပေးပို့ခဲ့တဲ့ စစ်လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းစာရင်းတွေကို ဖော်ပြထားပြီး ဒီစာရင်းထဲမှာ အမြောက်သေနတ်များ ၊ ကျည်ကာဝတ်စုံနဲ့ ဦးထုတ်များ၊ စစ်သင်္ဘောများနဲ့ ပြန်လည်ပြုပြင်မွမ်းမံထားတဲ့ ရုရှားနိုင်ငံထုတ် ကီလိုအတန်းအစား ရေငုပ်သင်္ဘောတွေလည်း ပါဝင်ပါတယ်။ လက်ရှိမှာ အိန္ဒိယအစိုးရနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်တဲ့ BrahMos Aerospace Private Limited ဟာ ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ မြန်မာစစ်ကောင်စီနဲ့ ဆွေးနွေးမှုများ ရှိနေပါတယ်။

Garden Reach Shipbuilders and Engineers Limited ဟာ မြန်မာစစ်အုပ်စုကို စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ရောင်းချပေးနေပြီး နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုတွေနဲ့လည်း ဆက်စပ် ပတ်သတ်နေမယ်လို့ ယူဆရပါတယ်။

လုပ်ငန်းတစ်ခုလုံးရဲ့ ၇၅% ဟာ နိုင်ငံပိုင်ဖြစ်ပါတယ်။ BEML Limited ဟာ မီးရထားနဲ့ စက်ပစ္စည်းများ၊ အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုများကို စစ်ကောင်စီကို ရောင်းချထားပါတယ်။

လေယာဉ်တည်ဆောက်ရေးဌာနခွဲမှတစ်ဆင့် ကုမ္ပဏီဟာ လေယာဉ်လက်နက်သယ် တွန်းလှည်းများနနဲ့ ဘက်စုံသုံးလက်နက်တင်ကိရိယာများအပါအဝင် မြေပြင်အထိုင် အကူကိရိယာများကို ထုတ်လုပ်နေတယ်လို့ သိရပါတယ်။

လုပ်ငန်းရဲ့ ၅၄% ဟာ နိုင်ငံပိုင်ဖြစ်ပါတယ်။ Hindustan Shipyards Limited ဟာ မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ပို့ကုန်အမှာစာများကို ဆောင်ရွက်နေပြီး အိန္ဒိယရေတပ်မှာ သုံးနေတဲ့ ရုရှားနိုင်ငံထုတ် ကီလိုအတန်းအစား ဒီဇယ်လျှပ်စစ် ရေငုပ်သင်္ဘောကို မြန်မာရေတပ်ကို ရောင်းချရာမှာ HSL မှာ ပြုပြင် ထိန်း သိမ်းမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Yantra India Limited ဟာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှာ မြန်မာစစ်အုပ်စုထံ ၁၂၂ မီလီမီတာ အမြောက်ပြောင်း အများအပြား တင်ပို့ခဲ့ပြီး ဟောင်ဝစ်ဇာများနဲ့တွဲဖက်အသုံးပြုဖို့ ဖြစ်တယ်လို့သိရပါတယ်။

Mazagon Dock Shipbuilders Limited ဟာ မြန်မာ့သစ်လုပ်ငန်းက ကျွန်းသစ်တွေကို ဝယ်ယူနေပြီး မြန်မာ့သစ်လုပ်ငန်းကို အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ထားပြီး ဖြစ်တဲ့ ၂၀၂၃ ခုနှစ်မှာမှ ဝယ်ယူပြီး ချုပ်ကိုင် အမြတ်ထုတ်တာ ဖြစ်ပါတယ်။

ကျွန်းသစ်လုပ်ငန်းက ရတဲ့ငွေတွေဟာ မြန်မာစစ်ကောင်စီ စစ်ရာဇဝတ်မှုကျူးလွန်ဖို့အတွက် အထောက် အပံ့တစ်ခု ဖြစ်နေပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်အုပ်စုကို စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းများ၊ နည်းပညာနဲ့ လောင်စာဆီ ရောင်းချလွှဲပြောင်းမှုတွေ အားလုံးချက်ချင်းပိတ်ပင်ရန်နဲ့ စစ်ဘက်လေ့ကျင့်ရေး သင်တန်းအားလုံး ချက်ချင်းရပ်ဆိုင်းဖို့ Justice For Myanmar က တောင်းဆိုကြောင်း ကြေညာချက်ထဲမှာ ပါရှိပါတယ်။

အိန္ဒိယစစ်တပ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကဏ္ဍတို့နဲ့ စီးပွားရေး ပတ်သက်ဆက်နွယ်မှုရှိကြတဲ့ အစိုးရတွေနဲ့ ကုမ္ပဏီတွေအနေနဲ့ မြန်မာစစ်အုပ်စုကို ပံ့ပိုးထောက်ပံ့နေမှုတွေ ပိတ်ပင်ရေးအတွက် တိုက် တွန်းဖို့ လည်း Justice For Myanmar က ကြေညာထားပါတယ်။

Photo – JFM

ဆက်စပ် သတင်းများ

Most read