Homeနိုင်ငံတကာသတင်းထိုင်းကွန်ဒိုတိုက်ခန်း ဝယ်ယူတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီလိုက်လံဖမ်းဆီးတဲ့အတွက် ထိုင်း အိမ်ခြံမြေလုပ်ငန်း Ananda ရောင်းအားကျပြီး ရှယ်ယာတွေထုတ်ရောင်းခဲ့ရ

ထိုင်းကွန်ဒိုတိုက်ခန်း ဝယ်ယူတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီလိုက်လံဖမ်းဆီးတဲ့အတွက် ထိုင်း အိမ်ခြံမြေလုပ်ငန်း Ananda ရောင်းအားကျပြီး ရှယ်ယာတွေထုတ်ရောင်းခဲ့ရ

၅ ဇူလိုင်၊ ၂၀၂၄

ထိုင်းနိုင်ငံရဲ့ အကြီးဆုံး အိမ်ခြံမြေလုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ Anandaက ဧပြီမှ ဇွန်အထိ ၂၀၂၄ ဒုတိယသုံးလတာကာလမှာ မြန်မာနိုင်ငံက ဝယ်ယူထားသူတွေက ငွေကြေးလွှဲပြောင်းပေးဖို့ မဖြစ်နိုင်တဲ့အတွက် Serviced Apartment စီမံကိန်း ၅ ခုရဲ့ ရှယ်ယာတွေကို ဘတ် ၂.၅၄ ဘီလျံဖိုး ထုတ်ရောင်းခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြထားပါတယ်။

Ananda ရဲ့ အမှုဆောင်အရာရှိချုပ် Prasert Taedullayasatit က မြန်မာနိုင်ငံက ကွန်ဒို ဝယ်ယူသူတွေ ဧပြီလထဲက လျော့ကျသွားတဲ့အတွက် Ananda အပါအဝင် ကွန်ဒိုတည်ဆောက်ရေးလုပ်ငန်းတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဇူလိုင်လ ၂ ရက်က ထုတ်ပြောပါတယ်။

” မြန်မာဝယ်ယူသူတွေကို စစ်အစိုးရက ဧပြီလကစပြီး လိုက်ဖမ်းနေတဲ့အတွက် တန်ဖိုး ဘတ် ဘီလျံနဲ့ ချီတဲ့အခန်းတွေဟာ မပြီးပြတ်ဘဲ ဖြစ်နေပါတယ်”လို့ သူက ဆိုပါတယ်။ နောက်ထပ် ၆လမှာလဲ ကွန်ဒိုဆောက်လုပ်ရေးလုပ်ငန်းတွေဟာ ဒီလို ဆက်ဖြစ်နေနိုင်တယ်လို့ သူက မှတ်ချက်ပေးပါတယ်။

မြန်မာဟာ တရုတ်နိုင်ငံပြီးရင် ထိုင်းကွန်ဒို တိုက်ခန်းတွေကို ဒုတိယအဝယ်များဆုံးနိုင်ငံဖြစ်ပြီး ၂၀၂၃ ၂၀၂၄ ပထမသုံးလတာမှာ မြန်မာနိုင်ငံသားတွေဆီ ထိုင်းကွန်ဒိုအရောင်းစံချိန်ဟာ တဟုန်ထိုး မြင့်တက်လာတာဖြစ်ပါတယ်။

Ananda ရဲ့ ရှယ်ယာဝယ်သူက ဂျပန်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Mitsui Fudosan ဖြစ်ပြီး သူဟာ ၂၀၁၃ က စပြီး Ananda နဲ့ ကွန်ဒို စီမံကိန်း ၃၀ အထိ ပူးတွဲပိုင်ဆိုင်ထားပါတယ်။ ဘန်ကောက်မြို့ပေါ်က အခန်း ၄၅၁ ခန်းပါ Ascott Thonglor Bangkok၊ အခန်း ၃၉၃ ခန်းပါ Ascott Embassy Sathorn ၊ အခန်း ၄၄၅ ခန်းပါ Somerset Rama 9 ၊ အခန်း ၁၉၆ ခန်းပါ Lyf Sukhumvit 8 နဲ့ ပတ်တရားမှာရှိတဲ့ အခန်း ၃၂၄ ခန်းပါ Somerset Pattayaတို့ရဲ့ ရှယ်ယာတွေကို Ananda က ထုတ်ရောင်းလိုက်ရတာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read