၁၉ ဖေဖော်ဝါရီ ၂၀၂၆
တောင်ကိုရီးယားသမ္မတဟောင်း Yoon Suk-yeol ကို ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဆိုးလ်မြို့ရှိ Seoul Central District Court က ထောင်ဒဏ်တသက် ချမှတ်လိုက်ပါတယ်။
တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ ယွန်းဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်အုပ်ချုပ်ရေး သွတ်သွင်းဖို့ ကြိုးစားခဲ့တာ၊ အာဏာအလွဲသုံးစားလုပ်ခဲ့တာနဲ့ နိုင်ငံတော်ပုန်ကန်ရေးကို ကြိုးကိုင်စီမံခဲ့တာတွေကြောင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီအမှုမှာ အစိုးရရှေ့နေတွေက ယွန်းကို သေဒဏ်ချမှတ်ပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် တရားရုံးကတော့ ထောင်ဒဏ်တသက်သာ ချမှတ်ခဲ့တာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ယွန်းရဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း Kim Yong-hyun ကိုလည်း အပြစ်ရှိကြောင်း သတ်မှတ်ပြီး ထောင်ဒဏ် ၃၀ နှစ် ချမှတ်ခဲ့ပါတယ်။
စစ်ဆေးမှုအတွင်း ယွန်းဟာ အဲဒီအချိန်က အတိုက်အခံခေါင်းဆောင်ဖြစ်ပြီး လက်ရှိသမ္မတဖြစ်လာတဲ့ Lee Jae-myung ကို ဖမ်းဆီးဖို့ စစ်တပ်ကို အမိန့်ပေးခဲ့တယ်ဆိုတာလည်း ပေါ်ပေါက်ခဲ့ပါတယ်။
တရားရုံးအပြင်ဘက်မှာတော့ ယွန်းကို ထောက်ခံသူတွေ စုဝေးပြီး ဆန္ဒပြမှုတွေ လုပ်နေကြတယ်လို့ ဒေသခံသတင်းတွေက ဖော်ပြပါတယ်။
အသက် ၆၅ နှစ်အရွယ် သမ္မတဟောင်း ယွန်းဟာ စစ်အုပ်ချုပ်ရေးကိစ္စနဲ့ ဆက်စပ်တဲ့ တခြားအမှုတွေကြောင့်လည်း ထောင်ဒဏ်ကျခံနေရပြီး အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်အပေါ် ယွန်းနဲ့ အခြားပြစ်ဒဏ်ချမှတ်ခံရသူတွေ အနေနဲ့ အယူခံဝင်ခွင့် ရှိနေဆဲဖြစ်ပါတယ်။


