၂၀၂၁၊ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်အာဏာသိမ်းဖို့အတွက် ကာလုံအစည်းဝေးတက်ပြီး စီစဥ်ခဲ့ကြတဲ့ မင်းအောင်လှိုင်အပါဝင် ၆ ဦးကို အာဏာသိမ်းပြီး ၅ နှစ်နီးပါအကြာမှာ အကြမ်းဖက်သမားတွေအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၅ ရက်နေ့ညပိုင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အကြမ်းဖက်သမားအဖြစ် ကြေညာခံရတဲ့အထဲမှာ စစ်ခေါင်းဆောင်မင်းအောင် လှိုင်၊ ဒုစစ်ခေါင်းဆောင်စိုးဝင်း ၊ ပြည်ထဲ ရေးဝန်ကြီးဟောင်း စိုးထွဋ်၊ ကာကွယ် ရေးဝန်ကြီးဟောင်း စိန်ဝင်း၊ နယ်စပ်ရေး ရာဝန်ကြီးဟောင်း ရဲအောင်နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ယာယီသမ္မဦးမြင့်ဆွေတို့ ပါဝင်ကြပါတယ်။
သူတို့ခြောက်ဦးဟာ ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံ့ခေါင်း ဆောင်တွေကို ဖမ်းဆီးပြီး ဥပဒေမဲ့ကာလုံအစည်းဝေးခေါ်ယူကာ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်သူတွေဖြစ်ကြတယ်လို့လည်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် အခုလို နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့ကြတဲ့သူတို့ကို အကြမ်းဖက် သမားတွေအဖြစ် သတ်မှတ်ရတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် အကြမ်းဖက်သမားတွေကို ဥပဒေအရ အရေးယူနိုင်ဖို့အတွက် ကြိုးပမ်းသွားမှာဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေဘက်က ပူးပေါင်းကူညီပေးကြဖို့ကိုလည်း NUG က ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့ NLD ပါတီတာဝန်ရှိသူတွေကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့တာဟာ အခုဆိုရင် ငါးနှစ်နီးပါးရှိလာပြီဖြစ်ပြီး ၅ နှစ်ပြည့်ဖို့ နှစ်လကျော်အကြာမှသာ အခုလိုကြေညာခဲ့တဲ့အပေါ် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေတာကိုလည်း တွေ့မြင်ရပါတယ်။


