Homeပြည်တွင်းသတင်းအာဏာသိမ်းစစ်ကောင်စီကြောင့် သေဆုံးသူအရပ်သား ၆၀၀၇ ဦးရှိပြီး နိုဝင်ဘာ တစ်လထဲမှာ ၈၀ဦး ရှိကြောင်း AAPP ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီကြောင့် သေဆုံးသူအရပ်သား ၆၀၀၇ ဦးရှိပြီး နိုဝင်ဘာ တစ်လထဲမှာ ၈၀ဦး ရှိကြောင်း AAPP ထုတ်ပြန်

၄ ဒီဇင်ဘာ၊ ၂၀၂၄

အာဏာသိမ်းစစ်ကောင်စီကြောင့် သေဆုံးသူအရပ်သားနဲ့ ဒီမိုကရေစီလှုပ်ရှားသူ ၆၀၀၇ ဦးရှိပြီး နိုဝင်ဘာ တစ်လထဲမှာ ပြည်သူ ၈၀ဦးသေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာ ၃ ရက်မှာ ထုတ်ပြန်ထားတဲ့စာရင်းအရ သိရပါတယ်။

အာဏာသိမ်းပြီးနောက် မတရား ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၇၅၅) ဦးရှိပြီး (၂၁၁၉၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေထဲက (၉၅၆၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ AAPP က ဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်အထိ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်တပ်ကြောင့် သေဆုံးသူ အမျိုးသမီး (၃၄) ဦး ၊ အမျိုးသား (၄၆) ဦး စုစုပေါင်း (၈၀) ဦး ရှိတယ်လို့ ဆိုပါတယ်။ သေဆုံးသူများထဲ အသက် ၁၈ နှစ်အောက် ကလေးငယ် (၂၀) ဦးနဲ့ အသက် ၆၀ နှစ်အထက် သေဆုံးသူ (၁၃) ဦးပါဝင်ပြီး ရခိုင်ပြည်နယ်ဟာ (၂၁) ဦးနဲ့ အရပ်သား သေဆုံးမှုအများဆုံးဒေသဖြစ်တယ်လို့ စာရင်းမှာ ပါရှိပါတယ်။စစ်ကိုင်းတိုင်းမှာ ၁၈ ဦးသေဆုံးပြီး ဒုတိယအများဆုံးဒေသဖြစ်ပါတယ်။

သေဆုံးမှုအကြောင်းရင်းမှာ ၄၁ ဦးဟာ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၂၁ ဦးဖြင့် ဒုတိယအများဆုံး သေဆုံးခဲ့ပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းမှာ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် ကျေးရွာတွေကို စစ်တပ်က လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကုန်းပေါကျေးရွာကဒေသခံ အေဘလင်းနဲ့ သူမရဲ့ ကလေးငယ်နှစ်ဦးဖြစ်တဲ့ အဲလိစကာနဲ့မေသဇင်ဦး တို့အပြင် ရွှေစမ်းကျေးရွာက ကိုလူရယ်၊ ပေါ်ဦးကျေးရွာက မအေးမြတ်သူ နဲ့ သစ်ယာကုန်းကျေးရွာက မာရိယာ တို့ဟာ ကျည်စထိမှန်သေဆုံးခဲ့ပါတယ်။

ပုံစာ – မိုးမောက်ကုန်းလောရွာက စစ်ရှောင်ကလေးငယ်များရှိနေတဲ့ ဘုရားကျောင်းကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်ခဲ့စဉ်(ပုံဟောင်း)

Photo – Citizen

ဆက်စပ် သတင်းများ

Most read