Homeပြည်တွင်းသတင်းအာဏာသိမ်းကာလ ၅ နှစ်ကျော်အတွင်း စစ်ကော်မရှင်တပ်ကြောင့် သေဆုံးသူ ၈၀၀၀ နီးပါရှိလာ

အာဏာသိမ်းကာလ ၅ နှစ်ကျော်အတွင်း စစ်ကော်မရှင်တပ်ကြောင့် သေဆုံးသူ ၈၀၀၀ နီးပါရှိလာ

၃ မတ် ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့နေ့ကနေ ၂၀၂၆ ခုနှစ် မတ်လ ၂ ရက်နေ့အထိ ၅ နှစ်ကျော်ကာလအတွင်း စစ်ကော်မရှင်တပ်ကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ စုစုပေါင်း ၇,၈၄၃ ဦးရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း အသက်ပေးခဲ့ရသူအရေအတွက်ဟာ ၈,၀၀၀ နီးပါးရှိလာပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၀,၅၃၈ ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီအထဲက ၂၂,၈၁၈ ဦးဟာ လက်ရှိအချိန်ထိ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ၁၁,၅၇၇ ဦးမှာ ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရတယ်လို့ AAPP က ဖော်ပြထားပါတယ်။

စစ်ကော်မရှင်ဘက်က အကျဉ်းသား ၇,၀၀၀ ကျော် ပြန်လွှတ်ပေးမယ်လို့ ကြေညာခဲ့ပေမယ့် AAPP ရဲ့ စောင့်ကြည့်မှတ်တမ်းတွေအရ မတ်လ ၂ ရက်နေ့ ညနေပိုင်းအထိ အကျဉ်းထောင် ၉ ခုကနေ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာ ၂၄၆ ဦးခန့်သာ ရှိသေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးချိန်ကစလို့ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသူ စုစုပေါင်း ၂,၂၃၅ ဦးရှိခဲ့ပြီး အဲ့ဒီအထဲက ၁၉၇ ဦးဟာ အကျဉ်းထောင်အတွင်းမှာပဲ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

AAPP ကတော့ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေဟာ လက်လှမ်းမီသမျှ အချက်အလက်တွေပေါ်မူတည်ပြီး ကောက်ယူထားတာဖြစ်လို့ မြေပြင်အခြေအနေမှာ ဒီထက်ပိုများနိုင်တယ်လို့ အသိပေးထားပါတယ်။

၅ နှစ်ကျော်ကြာလာတဲ့အထိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခတွေအတွင်း ပြည်သူတွေ ထိခိုက်သေဆုံးမှုနဲ့ ဖမ်းဆီးချုပ်နှောင်ခံရမှုတွေဟာ လျော့ပါးမသွားဘဲ ဆက်လက်မြင့်တက်နေဆဲဖြစ်တယ်လို့လည်း AAPP က ထောက်ပြထားပါတယ်။

ပုံစာ – မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ကြောင့် ပထမဆုံးသေဆုံးသူ မမြသွဲ့သွဲ့ခိုင်ရဲ့ ပုံကိုတွေ့ရစဉ်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး