အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ အိပ် မက်ဟာ ယခုအထိ အကောင်အထည်မပေါ်သေးဘဲ စစ်အာဏာရှင်လက်အောက်မှာနစ်မွန်းနေဆဲလို့ ဒီကနေ့ ဇူလိုင် ၁၉ မှာ ကျရောက်တဲ့အာဇာနည်နေ့မှာ အမျိုး သားညီညွှတ်ရေးအစိုးရ- NUG က အသိ ပေးထုတ်ပြန်ထားပါတယ်။
မိမိတို့ နိုင်ငံအနေနဲ့ နှစ်ပေါင်း (၇၀) ကျော်ကာလများမှာ အခုအချိန်အထိ စစ်အာ ဏာရှင်စနစ်ရဲ့ရက်စက်တဲ့ဖိနှိပ်မှုအောက် မှာဆက်လက် နစ်မွန်းနေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။
ဒါကြောင့် အာဇာနည်နေ့ရောက်တိုင်း ဂုဏ်ပြုအောက်မေ့ရုံသက်သက်နဲ့ မပြီး ဆုံးဘဲ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အသက်ခန္ဓာ ပေးဆပ်နဲ့ထိုက်တန်တဲ့ တန်းတူညီမျှပြီး လွတ်လပ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတစ်ရပ်ကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး စုပေါင်းလက်တွဲပြီး ဝိုင်းဝန်းထူထောင်နိုင်မှသာ မှန်ကန်တဲ့ဂုဏ်ပြုရာရောက်မှာဖြစ်ပြီး သမိုင်းပေးတာဝန်ကျေမယ်လို့ တိုက် တွန်းထားပါတယ်။
နွေဦးတော်လှန်ရေးကာလအထိ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း အသက်၊သွေး၊ချွေးတွေပေးဆပ်သွားတဲ့ သူရဲကောင်းအာဇာနည်တွေရဲ့ မွန်မြတ်တဲ့ ပေးဆပ် အနစ်နာခံမှုတွေဟာ နောင်မျိုးဆက်သစ်တွေအတွက် ထာဝရမော်ကွန်းအဖြစ် တည်ရှိနေမယ်လို့လည်း ဂုဏ်ပြုဆိုထားပါတယ်။
ဒီနေ့ကျရောက်တဲ့(၇၈) နှစ်မြောက် အာဇာ နည်နေ့မှာ အမျိုးသားခေါင်းဆောင်ကြီးများနဲ့တကွ ခေတ်အဆက်ဆက် မတရားမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ အများအကျိုးအတွက် စွန့်လွှတ် အနစ်နာ ခံခဲ့ကြတဲ့ အာဇာနည် တိုင်းရင်းသားပြည်သူ လူထုအပေါင်းတို့ကို အမျိုးသားညီ ညွတ်ရေးအစိုးရအနေနဲ့ အလေးအမြတ် ဦးညွတ်ဂါရဝပြုတယ်လို့ ဆိုပါတယ်။
ဒါအပြင် ပေးဆပ်သူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို အစဉ်အမြဲ အောက် မေ့ကာ ရည်မှန်းချက်ပန်းတိုင်ပြည့်မြောက်အောင် ဆက်လက် ကြိုးပမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက
ကတိကဝတ်ပြုထားပါတယ်။
ဓာတ်ပုံ- NUG


