အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့် မပြုထားဘူးလို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကကပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၂၂ ရက်က ကွာလာလမ်ပူမြို့မှာ သတင်းသမားတွေနဲ့ တွေ့ဆုံရာမှာ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်ပြီး အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ် အန်ဝါကပြောကြားလိုက်တာဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံ ဘုံသဘောတူညီချက်ကို ပဲ ဆက်လက်ကိုင်ဆွဲထားဆဲဖြစ်တယ်လို့ သူကပြောပါတယ်။
မလေးရှားမြို့တော် ကွာလာလမ်ပူမြို့မှာ အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ကျင်းပမယ့် ၃ ရက်ကြာ အစည်းအဝေးကို ပူးပေါင်းပါဝင်မှုနဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပမှာဖြစ်ပြီး စစ်ခေါင်ဆောင်က လွဲရင် ကျန်တဲ့ အာဆီယံနိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းက စပြီး စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ခွင့်ပိတ်ပင်ထားတာဖြစ်ပါတယ်။
၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်မှာဖြစ်တဲ့အပြင် အမေရိကန်သမ္မတထရမ့်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ တရုတ်သမ္မတရှီကျင့်ဖျင်၊အီတလီဝန်ကြီးချုပ် မယ်လိုနီ၊ ကနေဒါဝန်ကြီးချုပ် ကာနေးအစရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေလည်းလာ ရောက်ကြဖို့ရှိနေတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – BERNAMA


