၂၁ နိုဝင်ဘာ၊ ၂၀၂၄
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးအစည်းအဝေးမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin လည်း တက်ရောက်ပြီး အလွတ်သဘော ပါဝင်ဆွေးနွေးပါတယ်။
ဒီအစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ ၊ အိန္ဒိယ၊ ရုရှား၊ နယူးဇီလန်တို့က ကာကွယ်ရေးဝန်ကြီးတွေလည်း တက်ရောက်ခဲ့ပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးကျင်းပချိန်မှာ တောင်တရုတ်ပင်လယ်က ရေပိုက်နက်အငြင်းပွားမှုတွေ တိုးလာနေပြီး တရုတ်နိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေကြား ရေပိုင်နက်အငြင်းပွားမှုနဲ့ ပဋိပက္ခတွေတိုးလာနေချိန် ဖြစ်ပါတယ်။
အမေရိကန်ဟာ ဒီအစည်းအဝေးမတိုင်မီ ဩစတြေးလျနိုင်ငံမှာ အမေရိကန်အနေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဒေသတွင်းငြိမ်းချမ်းရေးကို အမြဲအလေးထားကြောင်းနဲ့ သမ္မတရာထူးနေရာအပြောင်းအလဲဖြစ်ပေမယ့် အမေရိ ကန်ရဲ့ အလေးထားမှုက ပြောင်းလဲမှာမဟုတ်ကြောင်း အာဆီယံဒေသနဲ့ပတ်သတ်ပြီး ပြောဆိုခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
အစည်းအဝေးမတိုင်မီမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun ကို သီးသန့်တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့ပြီး Dong Junက ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
သီးသန့်ဆွေးနွေးဖို့ ငြင်းပယ်လိုက်တဲ့ Dong ရဲ့ ဆုံးဖြတ်မှုအပေါ် ဒေသတစ်ခုလုံးအတွက် ဆုတ်ယုတ်မှု ဖြစ်ကြောင်း Austin က ပြောဆိုပြီး အမေရိကန်နဲ့ တရုတ်အကြား စစ်ရေးအရ ပိုပြီး တိုးတက်တဲ့ ဆက်ဆံရေးတွေ ဖြစ်ပေါ်လာအောင် နှစ်ဘက်စလုံးက ကြိုးစားနေတယ်လို့ ဆိုပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး Austin ဟာ လာအိုနိုင်ငံ ကာကွယ်ရေးဝန်ကြီးနဲ့ရော နယူးဇီလန်ကာကွယ်ရေးဝန်ကြီးနဲ့ပါ သီးခြားတွေ့ဆုံပါတယ်။
အခု လာအိုနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီး အစည်းအဝေးမှာ မြန်မာနိုင်ငံက ကာကွယ်ရေး ဝန်ကြီး တက်ရောက်ခွင့်မရဘဲ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန နိုင်ငံတကာ ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဦးဇော်နိုင်ဝင်းလည်း တက်ရောက်ပါတယ်။
Photo – Asean