၁၅ ဖေဖော်ဝါရီ၊ ၂၀၂၅
ရိုဟင်ဂျာတွေကို မျိုးသုဉ်းသတ်ဖြတ်ခဲ့မှုနဲ့ အာဂျင်တီးနားနိုင်ငံက ဖမ်ဝရမ်းထုတ်တဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်းအပါအဝင် ၂၅ ဦး လူစာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင်သမ္မတဦးထင်ကျော်တို့လည်း ပါဝင်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို ဖမ်းဝရမ်းမထုတ်ဖို့ BROUK က တောင်းဆိုခဲ့ပေမယ့် အာဂျင်တီးနား အမှုလိုက်ရှေ့နေက ဖမ်းဝရမ်းထဲ ထည့်သွင်းဖို့ လျှောက်ခဲ့တာဖြစ်တယ်လို့ BROUK ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
၂၅ ဦး လူစာရင်းမှာ စစ်တပ်အရာရှိတွေအပြင် အရပ်သား ၃ဦး ပါဝင်နေတယ်လို့ BROUK က ပြင်ဆင်ထုတ်ပြန်ထားပြီး အဲ့ဒီ ၂၀၁၇ခုနှစ် ရိုဟင်ဂျာတွေ အကြမ်းဖက်သတ်ဖြတ်ခံရချိန်မှာ မြန်မာနိုင်ငံမှာ သမ္မတဦးထင်ကျော်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အရပ်သားအစိုးရအုပ်ချုပ်နေတဲ့ ကာလဖြစ်ပါတယ်။
ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သတ်ပြီး ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုကို အတိုင်ပင်ခံနဲ့နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သတ်ပြီး ICJ ကို သွားရောက်ပြီး တရားရင်ဆိုင်ခဲ့ပါတယ်။
ရိုဟင်ဂျာတွေကို ညှဉ်းပန်းနှိပ်စက်ပြီး အတင်းအကြပ်နေရပ်ကရွှေ့ပြောင်းစေတယ်ဆိုတဲ့ စွဲဆိုချက်နဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ရှေ့နေချုပ်က ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုထားပါတယ်။
ဓာတ်ပုံ – ဘန်ကောက်ပို့စ်