Homeပြည်တွင်းသတင်းအလုပ်သမားအမျိုးသမီးတွေကို ဓမ္မတာ လာမလာ ထဘီလှန် စစ်တဲ့ စကြာမင်းဆေးတိုက်ကို သပိတ်မှောက်ဖို့တိုက်တွန်းမှုတွေရှိလာ

အလုပ်သမားအမျိုးသမီးတွေကို ဓမ္မတာ လာမလာ ထဘီလှန် စစ်တဲ့ စကြာမင်းဆေးတိုက်ကို သပိတ်မှောက်ဖို့တိုက်တွန်းမှုတွေရှိလာ

၂၆ မတ်၊ ၂၀၂၅

စကြာမင်းတိုင်းရင်းဆေးထုတ်လုပ်တဲ့ စက်ရုံမှာအမျိုးသမီးအလုပ်သမားအားလုံးကို တစ်ဦးချင်း ထဘီလှန်ပြီး ရာသီလာ မလာ စစ်ဆေးခံခဲ့ရမှုနဲ့ ပတ်သက်ပြီး မန်နေဂျာနဲ့ စက်ရုံမှူးကို အရေးယူဖို့ အတွက် အလုပ်သမားအရေး ဆောင်ရွက်သူတွေက တောင်းဆိုထားတယ်လို့ သိရပါတယ်။

အဆိုပါစက်ရုံမှာ အမျိုးသမီးအလုပ်သမား ၄၀ ကျော်ရှိလုပ်ကိုင်နေတာဖြစ်ပြီး အလုပ်သမားအားလုံးကို တဦးချင်းစီကို ထဘီလှန်ပြီး အတွင်းခံမှာရာသီလာမလာကို လိုက်လံစစ်ဆေးခဲ့တာဖြစ်ပါတယ်။

အမျိုးသမီး လစဉ်သုံးပစ္စည်းကို စက်ရုံရဲ့ အမှိုက်ပုံးထဲမှာ ပစ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး စက်ရုံတာဝန်ရှိသူ အမျိုးသမီး က ခုလို စစ်ဆေးခဲ့တာလို့ သိရပါတယ်။ စစ်ဆေးတဲ့ နေရာမှာ CCTV တပ်ဆင်ထားတယ်လို့ လည်း သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး “စစ်တဲ့ မန်နေဂျာနဲ့ စက်ရုံမှူးကို သူဌေးက ဘယ်လိုအရေးယူမလဲ။ အရေးယူတာမရှိဘူးဆိုရင် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာကို အလုပ်သမားဝန်ကြီးဌာနကို တိုင်စာပို့မယ်။”လို့ အလုပ်သမားသမဂ္ဂများပူးပေါင်းဆောင်ရွက်ရေး ကော်မတီ(CCTU) တာဝန်ရှိသူ တဦးက New Day Myanmar ကိုပြောပါတယ်။

“ဒီဖြစ်စဉ်က တော်တော်လေးဆိုးဝါးတဲ့ပြဿနာပဲ။ စက်ရုံတွေတော်တော်များများက အလုပ်သမားတွေအပေါ်လူ့အခွင့်အရေးချိုးဖောက်နေကြတာ။ ဒီဟာကြီးကျတော့အရမ်းများသွားပြီ။ ရာသီလာလား မလာလားကို သူတို့အနေနဲ့ ကြည့်စရာမလိုဘူး။ မေးစရာမလိုဘူး။ စက်ရုံအများစုမှာက အမျိုးသမီးအလုပ်သမားတွေများတယ်။ အဲဒီအတွက်လည်း အိမ်သာတွေမှာ လစဉ်သုံးပစ္စည်းစွန့်ပစ်ဖို့ အမှိုက်ပုံးထားပေးရမယ်။ ဒီလိုမျိုးတောင်မလုပ်ပေးဘဲ ဒါမျိုးလုပ်တယ်ဆိုတော့ ကြည့်ခံရတဲ့ အမျိုးသမီးတွေကရှက်တာပေါ့။” လို့ သူက ဆက်ပြောပါတယ်။

လူမှုကွန်ရက်တွေမှာတော့ ဒီဖြစ်စဉ်ကို ရှုတ်ချသလို စကြာမင်းတိုင်းရင်းဆေးကထုတ်လုပ်တဲ့ ဆေးဝါးတွေကိုလည်း မသုံးစွဲဖို့ တိုက်တွန်းမှုတွေရှိနေပါတယ်။

New Day Myanmar အနေနဲ့ စကြာမင်းတိုင်းရင်းဆေးခန်းကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားချင်းမပြုနိုင်သေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

စကြာမင်းက တိုင်းရင်းဆေးထုတ်လုပ်တာဖြစ်သလို ဆေးကုခန်းလည်းထားရှိထားပြီး စင်္ကြာမင်းကျီးပေါင်းဆေး၊ အားတိုးဆေး၊ အကြောဆေးစတဲ့ တိုင်းရင်းဆေးတွေကို ထုတ်လုပ်တာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ – စကြာမင်းတိုင်းရင်းဆေး FB page

ဆက်စပ် သတင်းများ

Most read