Homeပြည်တွင်းသတင်းအလုပ်သမားအခွင့်အရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးကိုဖမ်းဆီးပြီးတဲ့နောက် သမီးဖြစ်သူနဲ့ အဖွဲ့ဝင် ၇ ဦးကိုပါ ထပ်မံဖမ်းဆီး

အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးကိုဖမ်းဆီးပြီးတဲ့နောက် သမီးဖြစ်သူနဲ့ အဖွဲ့ဝင် ၇ ဦးကိုပါ ထပ်မံဖမ်းဆီး

၃၀ ဇူလိုင် ၂၀၂၅

အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးကိုဖမ်းဆီးပြီးတဲ့နောက် မှာ သမီးဖြစ်သူနဲ့ အဖွဲ့ဝင် ၇ ဦးကိုပါ ဇူလိုင်၂၈ ရက် ညပိုင်းမှာ ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ ဒေါ်မျိုးမျိုးအေးနဲ့ နီးစပ်တဲ့ သူတဦးက New Day Myanmar ကို ပြောပါတယ်။

စစ်တပ်က ဇူလိုင် ၂၈ရက် ညနေ ၆ နာရီမှာ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ နဝရတ်လမ်းမှာဖွင့်ထားတဲ့ သွေးစည်း ညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM)ရုံးခန်းကို စီးနင်းပြီး ၊ ၃ ဦးကို ကနဦး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ယင်းနေ့ ညပိုင်းမှာ ကျန်တဲ့အဖွဲ့ဝင်၄ ဦးရဲ့ နေအိမ်တွေကို လိပ်စာစုံစမ်းပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မခြူးသွယ်(ဒေါ်မျိုးမျိုးအေး သမီး)၊ ကိုသီဟ၊ ကိုဇော်ထိုက်၊ မဟေမာန်ဦး၊ မဆုမြတ်နွယ်၊ကိုဇော်ဆန်းနိုင်နဲ့ မမြင့်မြင့်ခိုင် တို့ဖြစ်တယ် သိရပါတယ်။

“ILO အထိတော့တိုင်ဖို့ ရှိတယ်။ ဒါပေမယ့် ဖမ်းခံထားရတဲ့သူတွေ အတွက် ငဲ့ပြီး ဘာမှပြောလို့မရသေးပါဘူး”လို့ ဆိုပါတယ်။

အလုပ်သမားရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးနဲ့ သမီးဖြစ်သူအပါအဝင် STUM အဖွဲ့ဝင်တွေကို ဖမ်းဆီးရတဲ့အကြောင်းအရင်းနဲ့ ဘယ်နေရာမှာဖမ်းဆီးထားတယ်ဆိုတာကို မသိရှိရသေးဘူးလို့ဆိုပါတယ်။

ဒေါ်မျိုးမျိုးအေးကို ဇူလိုင် ၂၅ရက်၊ ည ၉ နာရီခွဲက သူမနေထိုင်ရာ ရွှေပြည်သာမြို့ နယ်က နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့ပြီး ၃ ရက်အကြာမှာ အခုလိုထပ်မံဖမ်း ဆီးခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ- STUM

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး