၁၆ ဩဂုတ် ၂၀၂၅
အလုပ်သမားအခွင့်အရေးဆောင်ရွက်နေသူတွေကိုအမြန်ဆုံးပြန်လွှတ်ပေးရေးနဲ့ အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာတည်ရှိခွင့်ကို ဟန့်တားနောက်ယှက်တာဝင်ရောက်စွက်ဖက်တာတွေမပြုလုပ်ဖို့ အလုပ်သမားအဖွဲ့အစည်း ၆ ဖွဲ့ က ဩဂုတ် ၁၅ ရက်မှာ လက်မှတ်ရေးထိုးသဘောထားထုတ်ပြန်ခဲ့ပါတယ်။
ဒီ ထုတ်ပြန်ကြေညာချက်ဟာ သွေးစည်းညီ ညွတ်သောသမဂ္ဂများအဖွဲ့ချုပ်-မြန်မာ(STUM)က ဖမ်းဆီးခံ ဒေါ်မျိုးမျိုးအေးအပါ အဖွဲ့ဝင် ၁၀ ဦးအတွက် ရည်ညွှန်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ လုပ်ငန်းခွင်အသီးသီးမှာရှိတဲ့အလုပ်သမားတွေဟာ လုပ်ငန်းခွင်အတွင်း ခေါင်းစဉ် အမျိုးမျိုးနဲ့ လုပ်အားခေါင်းပုံဖြတ်ခံရတာ၊ ဖိနှိပ်ခံရတာ၊ အတင်းအဓမ္မစေခိုင်းခံရတာတွေအပါ ခွဲခြားဆက်ဆံခံရတာစတဲ့ ဆိုးရွားတဲ့ လုပ်ငန်းခွင်အခြေအနေတွေကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ဖော်ပြထားပါတယ်။
လုပ်ငန်းခွင်တွေအတွင်းမှာ ဒီလိုရင်ဆိုင်နေရတဲ့ ပြဿနာတွေရှိနေတာကြောင့် အလုပ်သမားတွေရဲ့အခက်အခဲတွေကို ကူညီဖြေရှင်းဆောင်ရွက်ပေးနေတဲ့ STUM အဖွဲ့ဝင်တွေ ဖမ်းဆီးထိန်းသိမ်းခံရတဲ့အပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ ဆိုပါတယ်။
ဒီလို ဖမ်းဆီးထိန်းသိမ်းတာဟာ အခြေခံအလုပ်သမားလူတန်းစားတွေရဲ့ပြဌာန်းထားတဲ့ ဥပဒေပါခံစားခွင့်တွေနဲ့ လုပ်ငန်း ခွင်သာယာဖြောင့်ဖြူးရေးဆိုင်ရာ ကဏ္ဍအသီးသီးမှာအဟန့်အတားဖြစ်တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ပုဂ္ဂိုလ်တွေကိုအမြန်ဆုံး လွှတ်ပေးဖို့သက်ဆိုင်ရာကိုလေးနက်စွာတောင်းဆိုတယ်လို့ ဆိုပါတယ်။
အဲ့ဒီလိုတောင်ဆိုလိုက်တဲ့ ပြည်တွင်းအလုပ်သမားအဖွဲ့အစည်း ၆ ဖွဲ့ဟာ ရွှေပြည်သာမြို့နယ်အထည်ချုပ်အလုပ် သမားအဖွဲ့အစည်း၊ GTIG Guohua Glory အထည်ချုပ်အခြေခံအလုပ်သမားအဖွဲ့အစည်း၊ Gysen အထည်ချုပ်အခြေခံအလုပ်သမားအဖွဲ့အစည်း ၊Golden Colour Fashion အထည်ချုပ်အခြေခံအလုပ်သမားအဖွဲ့အစည်း၊ Bontech အထည်ချုပ်အခြေခံအလုပ်သမားအဖွဲ့အစည်းနဲ့ True Green ကော်စေ့စက်ရုံအခြေခံအလုပ်သမားအဖွဲ့အစည်းတို့ဘဲဖြစ်ပါတယ်။
ဓာတ်ပုံ-STUM


