၁၈ ဒီဇင်ဘာ၊ ၂၀၂၄
မြေလတ်အသံသတင်းဌာနက သတင်းထောက်တစ်ဦးဖြစ်သူ မငြိမ်းချမ်းစုကြည် (ခ) မငြိမ်းချမ်းမေ နဲ့ သူမရဲ့ ပါတနာ ဖြစ်သူ Transgender အမျိုးသမီးတို့ကို ကိုဝင်းကျော်ဆိုသူ အမျိုးသားက တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ အရာတော်မြို့နယ်အတွင်း ဒီဇင်ဘာ ၁၄ရက်ညပိုင်းမှာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာပါတယ်။
အခင်းဖြစ်ပွားချိန် ဘေးနားမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ရှိနေပေမယ့် ဝင်ရောက်တားဆီးဖျန်ဖြေခြင်းမပြုလုပ်ဘဲ ကျူးလွန်ခံရသူတွေကို နှင်ထုတ်ခဲ့တယ်လို့ သိရပြီး
ဒီဖြစ်ရပ်တွေကို ထုတ်ဖော်ပြောဆိုတဲ့ ဂျာနယ်လစ်ညီအမတွေကို ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။
ထုတ်ဖော်ပြောဆိုခြင်းဟာ ကျူးလွန်သူရဲ့ လက်ငင်းလုပ်ရပ်တွေအပေါ် တရားမျှတမှု ရှာဖွေခြင်းဖြစ်ပြီး ဆက်ပြီးကျူးလွန်လာမယ့် လုပ်ရပ်တွေကို ရပ်တန့်ဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။။
အမျိုးသမီးတွေကို နှုတ်အားဖြင့်သော်လည်းကောင်း ၊ ကိုယ်ထိလက်ရောက်သော်လည်းကောင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကို “ခြွင်းချက်မရှိ” ရှုတ်ချပြီး အခုဖြစ်စဉ်အား မသိကျိုးကျွံပြုခဲ့သူတွေနဲ့ ဝင်ရောက်မဟန့်တားခဲ့သူတွေကိုလည်း ရှုတ်ချတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်ခံရသူတွေရဲ့ လုံခြုံရေးကို အထူးစိုးရိမ်ပူပန်နေပြီး ကျူးလွန်ခံရသူတွေဘက်က၏အပြည့်အဝ ထောက်ခံရပ်တည် ကူညီသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေအပေါ် ကျားမအခြေပြုအကြမ်းဖက်မှု ကျူးလွန်သူဟာ ပြန်လည်တာဝန်ခံရမှာ ဖြစ်ပြီး ကျူးလွန်သူကို “ခြွင်းချက်မရှိ” ပြစ်ဒဏ်ချ အရေးယူရမယ်လို့လည်း ပြောဆိုပါတယ်။
အခုကြေညာချက်ကို ထုတ်ပြန်တဲ့ အဖွဲ့အစည်းတွေက Asia Youth’s Associations – AYA၊ Gender Equality Network၊ LGBT Alliance – Myanmar၊ Myanmar Journalists Club (MJC)၊ Myanmar Tawhlan Network ၊ Politics for Women Myanmar၊ Rosy Women’s Union (Dawei)၊ Sisters 2 Sisters၊ Women Alliance Burma၊ Women’s Organization of Political Prisoners – WOPP၊ Youth Union – လူငယ်များသမဂ္ဂတို့ ဖြစ်ပါတယ်။