Homeပြည်တွင်းသတင်းအရပ်သားတွေကို သတ်ဖြတ်၊ လူသားဒိုင်းအဖြစ် စေခိုင်းတာဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရေးနည်းဗျူဟာတစ်ရပ်အဖြစ် ကျူးလွန်ခြင်းလို့ NUG ထုတ်ပြန်

အရပ်သားတွေကို သတ်ဖြတ်၊ လူသားဒိုင်းအဖြစ် စေခိုင်းတာဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရေးနည်းဗျူဟာတစ်ရပ်အဖြစ် ကျူးလွန်ခြင်းလို့ NUG ထုတ်ပြန်

၂၃ အောက်တိုဘာ၊ ၂၀၂၄

ဘုတလင်မြို့နယ်အတွင်း အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် စေခိုင်းတာဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရေးနည်းဗျူဟာအဖြစ် ကျူးလွန်ခြင်းဖြစ်ကြောင်း NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ (၃၀) ရက်မှာ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာ အနီး တိုက်ပွဲတစ်ခုမှာ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ကြောင်းက တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ကြောင်းပျက်တဲ့အထိ ရှုံးနိမ့်ခဲ့ရတဲ့အတွက် သူတို့ကျင့်သုံးလေ့ရှိတဲ့နည်းဗျူဟာတွေအတိုင်း အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ အရပ်သးနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အရပ်သားတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတာတွေကို ဆက်တိုက်ပြုလုပ်ခဲ့ ပါတယ်။

နမခရဲ့ အင်အား တစ်ရာကျော် ပါဝင်တဲ့ စစ်ကြောင်းဟာ အောက်တိုဘာလ (၁၁) ရက်က (၂၀ ) ရက်အတွင်း ဘုတလင်မြို့နယ်အတွင်းက ကျေးရွာတွေနဲ့ ရပ်ကွက် (၁၇) ခုကို ဝင်ရောက်စီးနင်း၊ မီးရှို့၊ သတ်ဖြတ်မှုများကျူးလွန်ပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ကျူးလွန်ခဲ့ပါတယ်။

အရပ်သားပြည်သူ (၂၄) ဦးထက်မနည်း ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပြီး သတ်ဖြတ်ခံရသူတွေထဲ ကလေးငယ် (၃) ဦး၊ အမျိုးသမီး (၃) ဦးနဲ့ သက်ကြီးရွယ်အို (၁) ဦးတို့ ပါဝင်ပါတယ်။ ထင်ရှားတဲ့ သတ်ဖြတ်မှု ဖြစ်စဉ်မှာ အောက်တိုဘာလ (၁၇) ရက်က စီပါကျေးရွာမှာ အရပ်သားပြည်သူ (၆) ဦးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး၊ ခန္ဓာကိုယ်တွေကို ဖြတ်တောက်ပြီး အစိတ်အပိုင်းတွေကို နေအိမ်ခြံစည်းရုံးတွေမှာ ချိတ်ဆွဲထားခဲ့ပါတယ်။

စစ်ကြောင်းထိုးတဲ့ ကျေးရွာတွေက ဒေသခံအရပ်သားပြည်သူ (၆၀) ထက်မနည်းကိုလူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းတလျောက် ခေါ်ဆောင်ထားပါတယ်။ ကျေးရွာ ၅ ရွာထက်မနည်းကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တောင်ကြီးခရီးစဉ်မှာ တော်လှန်ရေးတပ်တွေ ခိုအောင်းနေတဲ့ ကျေးရွာတွေက ဒေသခံတွေကို သတင်းအချက်အလက်ပေါ်မူတည်ပြီး လိုအပ်သလို ဆောင်ရွက်သွားမယ်လို့ ပေါ်ပေါ်ထင်ထင် သတိပေးထားပြီး စစ်တပ်က စစ်ရာဇဝတ်မှုတွေကို ပိုပြီး ကြမ်းတမ်းစွာ ကျူးလွန်လာတယ်လို့ ဖော်ပြချက်မှာ ပါဝင်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကိုင်တိုက်ပွဲတွေမှာ စစ်ရှုံးရင် ဒေသခံ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ပြီး လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို လက်စားချေတဲ့ နည်းဗျူဟာကို အရင်ကလည်း ကျင့်သုံးခဲ့ပါတယ်။ စစ်တပ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံအနှံ့အပြားက ဖြစ်စဉ်များမှာ မှတ်တမ်းတင်ထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးနေရင် ဒီထက်ပိုတဲ့ ဆိုးရွားယုတ်မာတဲ့ စစ်ရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာနဲ့ အယူဝါဒ ကိုင်ဆွဲထားသော ယန္တရားတစ်ရပ်ဟာ ဆက်လက်သက်ဆိုးရှည်ယုံမျှမက၊ ပိုမိုအတင့်ရဲ လာမယ်လို့ ဖော်ပြပြီး တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဦးတည်ကြိုးပမ်းပေးဖို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ NUG ကတောင်းဆိုထားပါတယ်။

ပုံစာ – ပြည်သူ ၆ ဦးကို သတ်ဖြတ်ပြီးနောက်မီးလောင်ခံထားရတဲ့ စီပါရွာမြင်ကွင်း

Photo – Shin Thant

ဆက်စပ် သတင်းများ

Most read