Homeပြည်တွင်းသတင်းအမှတ် ၃၀၈ အညာစစ်ဒေသအတွက် BPLA တပ်သားသစ်များ ခေါ်ယူ

အမှတ် ၃၀၈ အညာစစ်ဒေသအတွက် BPLA တပ်သားသစ်များ ခေါ်ယူ

၇ နိုဝင်ဘာ၊ ၂၀၂၄

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA )က အမှတ် ၃၀၈ အညာစစ်ဒေသအတွက် BPLA တပ်သားသစ်တွေ စိစစ်ရွေးချယ် ခေါ်ယူနေတဲ့အကြောင်း နိုဝင်ဘာ ၆ ရက်က လူမှုကွန်ယက်မှာ ကြေညာထားပါတယ်။

BPLA ဟာ ၁၀၂၇ တစ်နှစ်ပြည့်တဲ့နေ့မှာ အညာဘက်ကို တပ်တွေ ရွှေ့မယ့်အကြောင်း တရားဝင် ထုတ်ပြောခဲ့ပါတယ်။ ကရင်နဲ့ ရှမ်းမြောက်က တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ အတူ တိုက်ပွဲဝင်ခဲ့ပြီး အညာစစ်ဒေသအတွက် တိုက်ပွဲဖော်ဆောင်ဖို့ ပြင်ဆင်နေတဲ့အတွက် တပ်သားသစ်တွေ လိုအပ်နေတယ်လို့ BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခက ပြောဆိုပါတယ်။

BPLA အနေနဲ့ အညာဒေသမှာ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF တပ်ရင်းတွေအပါအဝင် တခြားတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး တော်လှန်ရေးအောင်မြင်ဖို့ လုပ်ဆောင်သွားမယ်လို့ ကိုဆောင်းခက အောက်တိုဘာ လကုန်ပိုင်းက ကြေညာထားပါတယ်။

BPLA အနေနဲ့ တပ်ထူထောင်ထားတာ ၃ နှစ်ကျော်ပြီ ဖြစ်ပြီး ကရင်ပြည်နယ်မှာ အမှတ် ၁၀၇ စစ်ဒေသ၊ ရှမ်းမြောက်အခြေစိုက် အမှတ် (၂၀၃) စစ်ဒေသ ဆိုပြီး အခြေစိုက် စစ်ဒေသ ၂ ခု ရှိပြီး အခု အမှတ်(၃၀၈)၊ အညာစစ်ဒေသဆိုပြီး ထပ်တိုးချဲ့ထားတာ ဖြစ်ပါတယ်။ အခုလက်ရှိမှာ ကရင်ပြည်နယ် ဖာပွန်ဒေသတိုက်ပွဲတွေမှာလည်း KNLA ၊ PDF တို့နဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

အညာ​ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊မ​ကွေးတိုင်း နဲ့ မန္တ​လေးတိုင်းမှာ အမျိုးသား ညီညွတ်​ရေး အစိုးရ (NUG) ၊ ကာကွယ်​ရေးဝန်ကြီး ဌာန လက်​အောက်ခံ PDF တပ်ရင်းတွေ ၊ ပကဖတွေ၊ ​ဒေသခံကာကွယ်​ရေးအဖွဲ့-LPDFတွေအပြင် တခြား​တော်လှန်​ရေးတပ်ဖွဲ့တွေလည်း ရှိနေပါတယ်။ ကိုဆောင်းခက BPLA ဟာ ဗမာလူမျိုးတွေကို ကိုယ်စားပြုနိုင်တဲ့အဖွဲ့ဖြစ်အောင် ကြိုးစားသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

ပုံစာ – BPLA တပ်ဖွဲ့ဝင်တွေကို စစ်သင်တန်းပေးနေစဉ်
Photo – BPLA

ဆက်စပ် သတင်းများ

Most read