၂၄ နိုဝင်ဘာ ၂၀၂၅
NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ နဲ့ သူ့ရဲ့ ခင်ပွန်းတို့ကို စစ်ဆေးအရေးယူပေးဖို့ တိုင်ကြားထားမှုကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ NUG က နို၀င်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ နဲ့ ၎င်းရဲ့ ခင်ပွန်း ဦးညီညီမင်းတို့ကို ငွေကြေးအလွဲသုံးစားမှု၊ ဝန်ထမ်းတွေအပေါ် မလျော်ဩဇာသုံး ခြယ်လှယ်မှုနဲ့ လူ့အခွင့်အရေး ချို့ဖောက်မှုတွေကို စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ပေးရန် စတဲ့ အချက်တွေနဲ့ နိုဝင်ဘာ ၁၉ ရက်မှာ NUG ဝန်ကြီးချုပ်ရုံး ဝန်ထမ်းတချို့က တိုင်ကြားခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ် နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဆီကို လိပ်မူထားတဲ့ တိုင်စာအရ အဲ့ဒီကိစ္စကို ဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ တိုင်ကြားသူများ၊ တိုင်ကြားခံရသူများ၊ နှစ်ဖက်သက်သေတင်ပြမှုများရှိပါက တင်ပြတဲ့သက်သေများ၊ တိုင်ကြားမှုနဲ့ပတ်သက်ပြီ စစ်ဆေးရန်လိုအပ်တဲ့သက်သေတွေကို ခေါ်ယူစစ်ဆေးမှုကို အမြန်ဆုံးဆောင်ရွက်ပြီး တွေ့ရှိချက်တွေ အကြံပြုချက်တွေကို ဝန်ကြီးချုပ်ဆီ ပြန်လည်တင်ပြခိုင်းထားတယ်လို့လည်း သိရပါတယ်။
တိုင်ကြားစာအပေါ် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေစဉ် ကာလအတွင်း တိုင်ကြားခံရသူတွေကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၂ရက် က စတင်ပြီး တာဝန်က ယာယီရပ်နားထားတယ်လို့ဆိုပါတယ်။
စစ်ဆေးတွေ့ရှိချက်များအပေါ်မူတည်ပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ – အရပ်သားအစိုးရလက်ထက်က ရန်ကုန်တိုင်းလွှတ်တော်မှာ ဆွေးနွေးနေတဲ့ လွှတ်တော်အမတ် ဒေါ်ကြည်ပြာ။
ဓာတ်ပုံ-Kyi Pya’s FB


