၄ ဖေဖော်ဝါရီ၊ ၂၀၂၅
လက်အောက်ခံ ဝန်ထမ်းတွေ မကြာခဏ ဖမ်းဆီးခံရပြီးနောက် ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးမှာ ယခင်ကထက် အစစ်အဆေးပိုမိုတင်းကြပ်လာတယ်လို့ ခရီးသွားလာသူတွေထံကနေ စုံစမ်းသိရှိရပါတယ်။
အမြန်လမ်းတောက်လျှောက်က စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာလည်း ခရီးသည်တဦးချင်းစီရဲ့ဖုန်းတွေကို စစ်ဆေးသလို မှတ်ပုံတင်တွေကိုလည်း အဓိကထားစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
“ဖုန်းကိုစစ်တာ တော်တော်ဆိုးတယ်။ YouTube ၊ တစ်တော့ တွေကအစ အကုန်ဝင်စစ်တယ်။ ရန်ကုန်ကအထွက် စစ်ဆေးရေးဂိတ်တင် သုံးနာရီလောက်ကြာတယ်။ ခရီးထွက်ရင် ဖုန်းအဟောင်းတစ်လုံးကတော့ ဆောင်ထားသင့်တယ်။ မှတ်ပုံတင်ဆိုရင် ၈/ ၊ ၅/ ၂/၉/ တွေဆိုမရဘူး။ အဲဒီမျဉ်းစောင်းနဲ့သူတွေကိုဆိုရင် သွားပြီ။ ပိုဆိုးတယ်” လို့ ခရီးသည်တဦးက New Day Myanmar ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးမှာ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ မြမီးသတ်ဦးစီးဌာနက အရာရှိတဦးနဲ့ ဇနီးဖြစ်သူ အပါအဝင် စစ်ကောင်စီ တပ်သားတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်တဲ့ Aung San’s Land Natmauk အဖွဲ့ကဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ယခင်ထက်အစစ်ဆေးပိုတင်းကြပ်လာတာဖြစ်ပါတယ်။
ဒါ့အပြင်နိုင်ငံအဝန်းနေရာအနှံ့အပြားမှာ တိုက်ပွဲတွေခပ်စိတ်စိတ်ဖြစ်ပွားလာသလို အဲ့ဒီဒေသတွေက စစ်ရှောင်လာသူတွေကိုလည်း ရန်ကုန်မှာ စစ်ကောင်စီက စာရင်းတွေကောက်ယူနေတယ်လို့ သိရပါတယ်။