၂၇ ဇန်နဝါရီ၊၂၀၂၅
ပြည်သူ့စစ်မှုထမ်းသင်တန်းတွေမှာ ခေါ်ယူနိုင်ဖို့ အသက် ၁၈ နှစ်က ၂၇ နှစ်အတွင်း အကျုံးဝင်တဲ့ အမျိုးသမီးစစ်မှုထမ်းစာရင်းတွေကို စတင်ကောက်ခံနေပြီလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
အခုတစ်ကြိမ်ခေါ်ယူမယ့် စစ်မှုထမ်းအပတ်စဉ်မှာ အမျိုးသမီးတွေကို ပထမဦးဆုံးအကြိမ်ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့လည်း ပြောဆိုနေကြပါတယ်။
“အမျိုးသမီးတွေစာရင်းကိုတော့ ကောက်နေပြီ။ တချို့အသက်ပြည့်ပြီးသားလူတွေကို ရပ်ကွက်ရုံးတွေမှာ ဖောင်ဖြည့်ခိုင်းတာတွေလုပ်နေပြီ။ အမျိုးသမီးစာရင်းတွေကို ဦးစားပေးကောက်နေတာတွေ့ရတယ်” လို့ သာကေတမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
အမျိုးသားတွေကောအမျိုးသမီးငယ်တွေပါ မဖြစ်မနေစစ်မှုထမ်းရတော့မယ့်အကြောင်းကို အခုနှစ်ဇန်နဝါရီလ ၂၃ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်တဲ့ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေမှာ အတိအလင်း ဖော်ပြထားပါတယ်။
အခု ထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေမှာ အမျိုးသား၊ အမျိုးသမီး ခွဲခြားထားခြင်း မရှိဘဲ အသက်သတ်မှတ်ချက် ပြည့်မီတဲ့ လူငယ် ကျား-မ မရွေး စစ်မှုထမ်းရမှာ ဖြစ်ပြီး ထွက်ပြေးရင် နေအိမ်မှာရှိတဲ့ မိသားစုဝင်တွေ အရေးယူခံရမယ်လို့ ဥပဒေ ပုဒ်မ (၃၃)၊ ပုဒ်မခွဲ (က)နဲ့ (ခ) မှာ ဖော်ပြထားပါတယ်။
ဒီနည်းဥပဒေအရ အရေးပေါ်အခြေအနေဖြစ်လာရင် တိုင်းပြည်က အရွယ်ရောက်သူအကုန် စစ်မှုထမ်းဖို့ စစ်စည်းရုံးခြင်း အမိန့်ကို စစ်ကောင်စီက ထုတ်ပြန်နိုင်ကြောင်း ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမှာ ပြဌာန်းဖော်ပြထားပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီ