Homeပြည်တွင်းသတင်းအမျိုးသမီးစစ်မှုထမ်းဆင့်ခေါ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုမှု အလိမ်အညာ တွေသာဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေပြော

အမျိုးသမီးစစ်မှုထမ်းဆင့်ခေါ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုမှု အလိမ်အညာ တွေသာဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေပြော

၈ ဖေဖေါ်ဝါရီ ၊၂၀၂၅

ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အမျိုးသမီးတွေလည်း စစ်မှုထမ်းဖို့အကျုံးဝင်ပေမဲ့ အမျိုးသမီးစစ်မှုထမ်းဆင့်ခေါ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုလိုက်တဲ့အပေါ် အလိမ်အညာ တွေသာဖြစ်ကြောင်း ရန်ကုန်မြို့ခံတွေက ပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကောင်စီပိုင် သတင်းဌာနတွေမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားရာမှာ

“ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမှာ အမျိုးသမီးအသက်ဘယ်လောက်၊ အမျိုးသားအသက်ဘယ်လောက်ဆိုတာ ပြောခဲ့ပြီး ဖြစ်ပါတယ်၊ ဒါကမူတည်ပြီး အမျိုးသမီးတွေကို ခြိမ်းခြောက်နေတာတွေကို ကျွန်တော်တို့အနေနဲ့ တွေ့ရှိရပါတယ်၊ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်အနေနဲ့ အတိအလင်းပြောကြားလိုတာက ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးစစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း အမျိုးသမီးပြည်သူ့စစ်မှု ထမ်းများကို ဆင့်ခေါ်ရန် အစီအစဉ်မရှိသေးဘူးလို့ ကျွန်တော်အနေနဲ့ ပြောကြားလိုပါတယ်”လို့ ဆိုထားပါတယ်။

အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ စာရင်းကောက်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပြီးနောက် အခုလို စစ်ကောင်စီဘက်က ပြောဆိုတာလည်း ဖြစ်ပါတယ်။

“သူက ဒီလိုပဲမျက်နှာပြောင်တိုက်ပြီးပြောရမယ်ဆိုရင် နှစ်ယောက်မရှိဘူး မြေပြင်လည်း တစ်ရက်လောက် လာကြည့်ဦး မိန်းကလေးရော၊ယောကျာ်းလေးရော အကုန်ဖမ်းနေတာ ဘယ်ပြည်သူကမှ မဖမ်းပဲဖမ်းတယ်လို့ မပြောဘူး “လို့ ဒေါပုံမြို့နယ် နေသူတစ်ဦးက New Day Myanmar သတင်းဌာကို ပြောပါတယ်။

ဇန်နဝါရီလ ဒုတိယပတ်လောက်ကစပြီး ရန်ကုန်တိုင်း သန်လျင်၊ ကျေက်တန်း၊ ခရမ်း၊ သုံးခွ၊ ဒေါပုံ၊ သာကေတ၊ လှိုင်သာယာနဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း) စတဲ့ မြို့နယ်တွေမှာ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အကြား အမျိုးသမီးတွေ စာရင်းကောက်နေတယ်လို့လည်း မြေပြင်သတင်းတွေအရ သိရပါတယ်။

ဆက်လက်ပြီး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ စစ်သားစုဆောင်းရာမှာ သတ်မှတ်အရေ အတွက်မပြည့်မီဘူး ဆိုရင်အရေးယူခံရမယ်လို့ စစ်ကောင်စီက ဖိအားပေးထားတယ်လို့ အုပ်ချုပ်ရေး အသိုင်းဝိုင်းကသိရပါတယ်။

ရန်ကုန်မြို့က အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောဆိုရာမှာ

“တစ်လကို အနည်းဆုံး စစ်မှုထမ်းဖို့ လူ ၃၀ ရှာပေးရတယ်။ တချို့က စစ်မှုထမ်းစာရင်းပါပြီး မထမ်းတဲ့သူ တွေရှိတယ်။ သူတို့ကျတော့ လူစားထိုးလိုက်တာတွေရှိတာပေါ့။ ဒီနောက်ပိုင်းကျတော့ မရတော့ဘူး။ ဘယ်သူမှက လည်း စစ်မှုမထမ်းချင်ကြတော့ဘူး။ သတ်မှတ်လူဦးရေမပြည့်ရင် အရေးယူမယ်ပြောတယ်။ ဒီနောက်ပိုင်း ဧည့်စာရင်းတွေတောက်လျှောက်စစ်တာ အဲဒါတွေကြောင့်ပါတယ်။ ပြီးတော့ ညဘက်လမ်းပေါ် မသင်္ကာ လူတွေ့ရင်ဆွဲခေါ်တယ်။ အဲဒီလိုနည်းနဲ့ပဲ စစ်သားစုဆောင်းပေးနေရတယ်” လို့ New Day Myanmar သတင်းဌာနကို ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဖို့အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခဲ့ရာမှာ ၄၇၅ ဦးဖမ်း ဆီးခံခဲ့ ရပြီး အဲဒီအထဲက ၅၈ ဦး ပြန်လည်လွတ်မြောက်ခဲ့ကြောင်းနဲ့ ကျန်တဲ့ ၃၉၇ ဦးရဲ့ အခြေ အနေကိုတော့ မသိရ သေးဘူးလို့ Rangoon Scout Network က ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

လမ်းမတွေပေါ်မှာ အတင်းအဓ္ဓမ လိုက်လံဖမ်းဆီးခံရသူ ၂၄၁ ဦး၊ ဧည့်စာရင်းစစ်ရာကနေ ဖမ်းဆီးခံရသူ ၇၇ ဦး၊ လမ်းသွားရင်း စစ်ဆေးခံရပြီး ဖမ်းဆီးခံရသူ ၅၈ ဦး၊ သတင်းအတိအကျနဲ့ ရှာဖွေဖမ်းဆီးခံရသူ ၅၁ ဦးနဲ့ စစ်မှု ထမ်းစာရင်းမှာပါလို့ ဖမ်းဆီးခံရသူ ၄၈ ဦး ရှိတယ်လို့လည်း ဖော်ပြပါထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီက လူငယ်တွေပစ်မှတ်ထား ဖမ်းဆီးမှုတွေပိုမိုလုပ်ဆောင်လာကြောင်းနဲ့ ရန်ကုန်တိုင်း ထဲက တာမွေ၊ သာကေတ၊ အင်းစိန်၊ သင်္ဃန်းကျွန်း၊ မြောက်ဒဂုံ၊ အလုံနဲ့ အင်းစိန်မြို့နယ်တွေမှာ ဖမ်းဆီးခံရမှု အများဆုံးဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

Photo – CINCDS

ဆက်စပ် သတင်းများ

Most read