၆ နိုဝင်ဘာ၊ ၂၀၂၄
နိုဝင်ဘာ ၄ ရက်က ရခိုင်ပြည်နယ် အမ်းမြို့နယ်က စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ကို အာရက္ခတပ်တော် AA က သိမ်းလိုက်နိုင်တယ်လို့ စစ်ရေးသတင်းတွေ ထွက်ပေါ်နေပါတယ်။
AA က တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသေးပေမယ့် ဒီသတင်းဟာ မှန်ကန်တယ်လို့ AA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ စက်တင်ဘာလကုန်ကစတင်ပြီး နပခအပါအဝင် အမ်းမြို့နယ်ကို AA က တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပြီး စစ်ကောင်စီတပ်စခန်း ခမရ ၃၇၃၊ကုတင် ၃၀၀ ဆေးတပ် အပါအဝင် တပ်စခန်း ၁၀ ခုထက်မနည်းကို ထိန်းချုပ်သိမ်းပိုက်ထားပါတယ်။
အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ဖို့ ခမရ ၃၇၃၊ ကုတင် ၃၀၀ ဆေးပ်နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်တို့ဟာ အရေးပါနေပါတယ်။ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်တွေမှာ တရုတ်စီမံကိန်းနဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိနေတာကြောင့် စစ်ကောင်စီတပ်ဟာ လေကြောင်းကလည်း ပစ်ကူယူပြီး ပြန်လည် ခံစစ်ဆင်နေတာ ဖြစ်တယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
နိုဝင်ဘာ ၅ ရက်မှာ အမ်းမြို့နယ်၊ ပဲပဒုံ နဲ့ ဒိုင်ကြီးရွာတွေမှာ စစ်ကောင်စီနဲ့ AAတို့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒေသတွင်း သတင်းဖော်ပြချက်တွေအရ စစ်ကောင်စီရဲ့ နပခစစ်ဌာနချုပ်အတွက် စစ်ကောင်စီရဲ့ ကာကင်း ၄ ခုပဲ ကျန်တော့ပါတယ်။