Homeပြည်တွင်းသတင်းအမ်းမြို့အနီးပတ်ဝန်းကျင်ရွာတွေကို မီးရှို့ဖျက်စီးပြီး ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီး

အမ်းမြို့အနီးပတ်ဝန်းကျင်ရွာတွေကို မီးရှို့ဖျက်စီးပြီး ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီး

၄ နိုဝင်ဘာ၊ ၂၀၂၄

ရခိုင်ပြည်နယ်အထက်ပိုင်း၊ အမ်းမြို့အနီးပတ်ဝန်းကျင်က ရွာတွေကို မီးရှို့ဖျက်စီးပြီး ဒေသခံတွေကို လူသားဒိုင်းအဖြစ် အမ်းမြို့အထဲမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ထောက်ပို့တပ်တွေအနီးအနားက ဒိုင်ကြီး၊ ချင်းကုန်း၊ ပြောင်ရှောင်နဲ့ လုံကျေးရွာက ဒေသခံပြည်သူတွေကို အောက်တိုဘာလက အမ်းမြို့ထဲကို စစ်တပ်က ပြောင်းရွှေ့ခိုင်းပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ အမ်းမြို့ထဲမှာ ဒေသခံမြို့ခံပြည်သူတွေ မရှိဘဲ အနီးအနားရွာတွေက လူတွေကို ဖမ်းပြီး နေခိုင်းထားတာလို့ ဒေသခံတွေက ဆိုပါတယ်။

ရွာလေးရွာထဲက လူနေအိမ်တွေကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးထားတယ်လို့ သိရပါတယ်။ လုံကျေးရွာကို အောက်တိုဘာလဆန်းမှာ မီးရှို့ဖျက်ဆီးတာ ဖြစ်ပြီး ကျန် သုံးရွာကို အောက်တိုဘာ ၂၈ နဲ့ ၂၉ တွေမှာ ဖျက်ဆီးခဲ့တာပါ။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ အမ်းမြို့နယ်မှာ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ(၃၇၁)၊( ၃၇၂)၊(၃၇၃)(၃၇၄)အမြောက်တပ်ရင်း၊ အမှတ်၂ ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ အမှတ် ၉၄၆ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် ၃၄၅ စက်လက်နက်ပစ္စည်းတပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (နပခ)၊ အမှတ်၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၉၂၆ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမ်းတောင်အုပ်စုတွင်အမှတ်(၇၅၇)အလုပ်ရုံတပ်ခွဲ (လျှပ်စစ်)၊ အမှတ် ၁၀ တပ်ထိန်းတပ် တို့လို အခြေစိုက်တပ်ဖွဲ့တွေ ရှိပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် ခြေမြန်တပ်ရင်း(၃၆၂)၊(၃၆၅)၊(၃၆၉)တို့ကိုလည်း စစ်ကောင်စီက ထပ်ပြီး အင်အား ဖြည့်တင်း ခုခံနေတယ်လို့ AA စစ်ရေးသတင်းတွေက ဆိုပါတယ်။

စက်တင်ဘာလ ၂၆ရက်က စတင်တဲ့ အမ်းမြို့သိမ်းတိုက်ပွဲဟာ ပြင်းထန်နေပြီး အခုရက်ပိုင်းအတွင်း AA က စစ်ကောင်စီရဲ့ထွက်ပေါက်လမ်းတွေကို အကုန်ပိတ်ဆို့ထားတာဖြစ်ပါတယ်။ အမ်းမြို့တွင်းပိတ်မိနေတဲ့ဒေသခံပြည်သူ ၃၀၀၀ မှ ၅၀၀၀ ကြားအထိ ရှိနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လက်ရှိမှာ AA ဘက်က အတည်မပြုရသေးပေမယ့် ခမရ(၃၇၁)၊( ၃၇၂)၊(၃၇၃)တို့ကို တိုက်ခိုက်ထိန်းချုပ်ထားနိုင်တယ်လို့ သိရပါတယ်။

ပုံစာ – အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျောက်တော်တပ်နယ်ရှေ့က AA တပ်တော်

Photo – AA

ဆက်စပ် သတင်းများ

Most read