အမေရိကန်အမျိုးသားလုံခြုံရေးအရာရှိတွေစကားပြောတဲ့ Signal group chat ထဲကို သတင်းထောက်တယောက်ကို ထည့်မိပြီး အမေရိကန်က ယီမင်နိုင်ငံကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်မယ့် အချက်အလက်တွေ တွေ့ခဲ့တယ်လို့ Group ထဲ ရောက်သွားတဲ့ သတင်းထောက်က ရေးသားလာပါတယ်။
အတ္တလန္တိတ် မဂ္ဂဇင်းရဲ့ သတင်းထောက် (အယ်ဒီတာချုပ်ဖြစ်တဲ့) Jeffrey Goldberg ဟာ အဲ့ဒီ Signal group ထဲကို ရောက်ရှိသွားပြီး အမေရိကန်ရဲ့ လက်နက်အကူအညီတွေ၊ ပစ်မှတ်တွေနဲ့ ယီမင်က ဟူသီ သူပုန်တွေကို တိုက်ခိုက်မယ့်အကြောင်းတွေကို သတင်းထောက်က မြင်ခဲ့တာလို့ ဆိုပါတယ်။
ဒီအကြောင်း အတ္တလန္တိတ် မဂ္ဂဇင်းမှာ သတင်းထောက် Jeffrey Goldberg က ဆောင်းပါးရေးသားလိုက်ပြီးနောက် သမ္မတ Trump အစိုးရဟာ ဝေဖန်မှုတွေလည်း ကြုံတွေ့နေရပါတယ်။
အဲ့ဒီ Group ထဲမှာ ဒုတိယသမ္မတ JD Vance၊ နိုင်ငံခြားရေးဝန်ကြီး Marco Rubio, ကာကွယ်ရေးဝန်ကြီး Pete Hegseth၊ ထောက်လှမ်းရေးညွှန်ကြားရေးမှူး Tulsi Gabbard၊ အရှေ့အလယ်ပိုင်း အထူးကိုယ်စားလှယ် Steve Witkoff နဲ့ အခြားအရာရှိ ၁၂ ယောက်ပါတယ်လို့ ဆောင်းပါးထဲမှာဖော်ပြထားပါတယ်။
သတင်းထောက် Jeffrey Goldberg ကတော့ အိမ်ဖြူတော်က လုံခြုံရေးအရာရှိတဦးက ဆက်သွယ်လိုတယ်လို့ ဆက်သွယ်အပြီးမှာ ခုလို မှားယွင်းပြီး Group chat ထဲ ထည့်သွင်းခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အတ္တလန္တိတ်မဂ္ဂဇင်းက ဆောင်းပါးကို သူသတိမထားမိဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။
ပုံစာ – အတ္တလန္တိတ်မဂ္ဂဇင်း အယ်ဒီတာချုပ် Jeffrey Goldberg ကိုတွေ့ရစဉ်
ဓါတ်ပုံ – Youtube မှာ Screen shot