Homeနိုင်ငံတကာသတင်းအမေရိကန်မှာ ၁၃ နှစ်အရွယ် ကရင်ဒုက္ခသည်ကလေးတဦး NYPD ပစ်ခတ်မှုကြောင့်သေဆုံး

အမေရိကန်မှာ ၁၃ နှစ်အရွယ် ကရင်ဒုက္ခသည်ကလေးတဦး NYPD ပစ်ခတ်မှုကြောင့်သေဆုံး

၁ ဇူလိုင်၊၂၀၂၄

နယူးယောက်ပြည်နယ်အထက်ပိုင်း၊ ယူတီကာမြို့မှာ နေထိုင်တဲ့ ၁၃ နှစ် ကရင်ကလေးငယ်တဦးကို NYPD က သတိလစ်တဲ့အထိ ထိုးကြိတ်ပြီး သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၈ရက်က ညမွှေးနဲ့ တခြားကလေးတဦးကို ရပ်ကွက်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ခိုးမှုမှာ ပါတဲ့သူနဲ့ ရုပ်ချင်းတူတယ်ဆိုပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦးက တားပြီး စစ်ဆေးခဲ့ပါတယ်။ သေနတ်ပါမပါ မေးတဲ့အခါ ညမွှေးရဲ့ ကစားစရာ သေနတ်ကို သေနတ်အစစ်နဲ့မှားပြီး ညမွှေးက ထွက်ပြေးဖို့ ကြိုးစားတဲ့အခါ ထိုးကြိတ်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

ယူတီကာရဲတပ်ဖွဲ့က ဇွန်လ ၂၉ရက်မှာ သတင်းစာရှင်းလင်းပွဲချိန်မှာတော့ ပြီးခဲ့တဲ့ညက ညမွှေးနဲ့ တခြားကလေးကို ဖြစ်ပွားခဲ့တဲ့ ရပ်ကွက်ထဲက ခိုးမှုမှာ ပါတဲ့ လူနဲ့တူလို့ စစ်ဆေးခဲ့ကြောင်း ၊ စစ်ဆေးချိန်မှာ ညမွှေးက အလွတ်ရုန်း ပြေးထွက်သွားပြီး သေနတ်နဲ့ ချိန်ခဲ့တဲ့အတွက် ဖမ်းဆီးဖို့ ကြိုးစားရင်း လုံးထွေးသတ်ပုတ်ရာက ပစ်ခတ်ခဲ့ကြောင်း ၊ ညမွှေးလက်ထဲက သေနတ်ဟာ ကစားစရာ ကော်စေ့သေနတ်ဖြစ်တယ်လို့ နောက်ပိုင်းမှ သိရတယ်လို့ ဆိုပါတယ်။

မျက်မြင်တွေ့သူတွေ ရိုက်ထားပြီး အင်တာနက်မှာ တင်ထားတဲ့ video footages တွေအရ ရဲတပ်ဖွဲ့ဝင်တွေဟာ ထွက်ပြေးတဲ့ ညမွှေးနောက်ကို ပြေးလိုက်ကာ ဝိုင်းပြီး ထိုးကြိတ်ကြပြီးညမွှေးသတိလစ်ချိန်မှာ သေနတ်နဲ့ ပစ်ခတ်လိုက်တာကို တွေ့ရပါတယ်။ ညမွှေးအတွက် မကျေနပ်တဲ့ မြို့ခံတွေ ဆန္ဒပြကြတာကြောင့် NYPD ရဲ့ သတင်းစာရှင်းလင်းပွဲကို ပြီးဆုံးအောင် မလုပ်ခဲ့ရဘူးလို့ သိရပါတယ်။

ဇွန်လ ၂၉ ရက်မှာတော့ ဒေသခံတွေ ရာနဲ့ချီ စုဝေးပြီး ညမွှေးအတွက် ဆုတောင်းပွဲပြုလုပ်ကြပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး Patrick Husnayကို ရဲတပ်ဖွဲ့တွင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြပါပြီ။ ညမွှေးရဲ့ သတင်းဟာ Instagram ၊ Facebook နဲ့ X(Twitter) လို လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေပြီး #JusticeForNyah ဆိုတဲ့ Hashtag နဲ့ တရားမျှတမှုအတွက် တောင်းဆိုနေကြပါတယ်။

ညမွှေးတို့မိသားစုဟာ လွန်ခဲ့တဲ့ ၈ နှစ်က ဒုက္ခသည်အဖြစ် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေပြီး ညမွှေးဟာ ဒီလအစောပိုင်းမှာ Grade 8 အောင်မြင်ထားသူတစ်ဦး ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read