Homeပြည်တွင်းသတင်းအမေရိကန်မှာ မြန်မာတွေကို TPS ရပ်ဆိုင်းမယ့်အစီအစဉ်ကို တရားရုံး ယာယီရပ်တန့်

အမေရိကန်မှာ မြန်မာတွေကို TPS ရပ်ဆိုင်းမယ့်အစီအစဉ်ကို တရားရုံး ယာယီရပ်တန့်

၂၄ ဇန်နဝါရီ ၂၀၂၆

အမေရိကန် ဖက်ဒရယ်တရားသူကြီး Matthew F. Kennelly က မြန်မာနိုင်ငံသားတွေကို ပေးထားတဲ့ ယာယီနေထိုင်ခွင့် (Temporary Protected Status – TPS) ကို ရပ်ဆိုင်းမယ့် အစီအစဉ်ကို ယာယီရပ်တန့်ဖို့ ဇန်နဝါရီ ၂၃ ရက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။

အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ ရရှိထားတဲ့ TPS ဟာ ဇန်နဝါရီ ၂၆ ရက်မှာ သက်တမ်းကုန်ဆုံးတော့မယ့်အခြေအနေဖြစ်ပြီး အမိမြေလုံခြုံရေးဌာနက သက်တမ်းမတိုးတော့ဘူးလို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်မှာ ဆုံးဖြတ်ခဲ့တာကို တရားရုံးက ယာယီရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

တရားသူကြီး Kennelly က TPS ရပ်ဆိုင်းရေး ဆုံးဖြတ်ချက်ချတဲ့အခါက ဥပဒေအရ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို မလိုက်နာခဲ့ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် ဆုံးဖြတ်ချက်မချခင် သက်ဆိုင်ရာဌာနတွေကြား ဥပဒေအရ တိုင်ပင်ဆွေးနွေးရမယ့်အချက်တွေ မလုပ်ခဲ့တာ၊ မြန်မာနိုင်ငံမှာ မြို့နယ်အများစုမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတယ်ဆိုတဲ့ အစိုးရအစီရင်ခံစာတွေကိုလည်း လျစ်လျူရှုခဲ့တာတွေကို ထောက်ပြခဲ့ပါတယ်။

ဒါကြောင့် TPS ဖျက်သိမ်းမယ့် ဆုံးဖြတ်ချက်ဟာ ဥပဒေအတိုင်း စိစစ်မထားဘဲ အစိုးရရဲ့ ပုံစံကျ လုပ်ရပ်တခုသာဖြစ်တယ်လို့ တရားသူကြီးက သုံးသပ်ပြောဆိုခဲ့ပါတယ်။

လက်ရှိအချိန်မှာ TPS နဲ့ အမေရိကန်မှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ ၄,၀၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၂ ရက်မှာလည်း မြန်မာနိုင်ငံသားတွေအပေါ် TPS ဖျက်သိမ်းမယ့်အရေးကို ပြန်လည်စဉ်းစားဖို့ အမေရိကန် အောက်လွှတ်တော်မှာ ဥပဒေကြမ်းတခု တင်သွင်းခဲ့ပါတယ်။

အဲ့ဒီဥပဒေကြမ်းနဲ့ ဆက်စပ်ပြီး လွှတ်တော်ကိုယ်စားလှယ်တဦးက စစ်အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံကို ပြန်သွားခိုင်းတာဟာ TPS ထုတ်ပေးရတဲ့ အခြေခံရည်ရွယ်ချက်နဲ့ မကိုက်ညီသလို လူသားချင်းစာနာမှုဆိုင်ရာ စံနှုန်းတွေကိုပါ ချိုးဖောက်ရာရောက်တယ်လို့ ထောက်ပြပြောဆိုထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး