၁၁ ဒီဇင်ဘာ၊ ၂၀၂၄
၂၀၂၄ ခုနှစ်အတွက် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနကပေးအပ်တဲ့ လူ့အခွင့်အရေးကာကွယ်သူဆုကို မြန်မာနိုင်ငံသား ချင်းအမျိုးသား ဆလိုင်းမန်ဟန်လျန်အပါအဝင် လူပုဂ္ဂိုလ် ၈ ဦး ရရှိပါတယ်။
ဒီနှစ်အတွက်ဆုကို မြန်မာ၊ အဇာဘိုင်ဂျန်၊ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ ဂါနာ၊ ကူဝိတ်၊ အက်စဝါတီနီနဲ့ ကာဂျစ် စုစုပေါင်း ၈ နိုင်ငံက လူ့အခွင့်အရေးဆောင်ရွက်သူတွေကို ရွေးချယ်ချီးမြှင့်လိုက်တာ ဖြစ်တယ်။
ဆလိုင်းမန်ဟန်လျန်ဟာ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကဖြစ်ပြီး ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ဖော်ထုတ်မှတ်တမ်းတင်ပြီး နိုင်ငံတကာက အရေးယူဖို့အတွက် အထောက်အပံ့ဖြစ်စေတယ်လို့ သိရပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြုစုထားတဲ့ မှတ်တမ်းတွေကို အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ မြန်မာစစ်ခေါင်းဆောင်ကို တရားစွဲဖို့ ထည့်သွင်းနိုင်ခဲ့ပြီး ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလမှာပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ အရေးပါတဲ့ သက်သေအဖြစ် ကူညီပေးနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။
ဒီဆုချီးမြှင့်ပွဲကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁ဝ ရက် နေ့လယ် ၁ နာရီမှာ ကျင်းပခဲ့ပြီး အခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
ပုံစာ – ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးကာကွယ်သူဆုရရှိသူများ
Photo – U.S. Department of State