၂၈ ဇန်နဝါရီ၊ ၂၀၂၅
အမေရိကန်ပြည်ထောင်စုက ပြည်ပနိုင်ငံတွေကို ပေးအပ်နေတဲ့ အကူအညီအားလုံး ရပ်ဆိုင်းလိုက်တဲ့အတွက် ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ အကုန်ချက်ချင်း ရပ်တန့်လိုက်ရတယ်လို့ ထိုင်းမြန်မာနယ်စပ်အခြေစိုက် ဒုက္ခသည်အကူအညီပေးရေးအဖွဲ့တွေက ဆိုပါတယ်။
ဇန်နဝါရီလ ၂၄ ရက်ကစပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြည်ပအကူအညီတွေကို ချက်ချင်းရပ်ဆိုင်းဖို့နဲ့ ၃ လ အတွင်း ပြန်ပြီးစိစစ်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဒီအမိန့်ဟာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ လုပ်ငန်းတွေအပေါ်မှာ သက်ရောက်မှုရှိပါတယ်။
ဒုက္ခသည်စခန်းတွေကဆေးရုံဆေးခန်းတွေကို ချက်ချင်းပိတ်ထားရပြီး လူနာတွေကို ဆေးရုံပေါ်မှ ချက်ချင်းဆင်း ခိုင်း ခဲ့တယ်လို့ သိရပါတယ်။ “အစက ဘတ်ဂျက်ရပ်ပြီး သုံးလတော့ ထောက်ပံ့မယ် စိစစ်မယ်လို့ ဒုက္ခသည်တွေ က သိထားတာ။ အခုက ချက်ချင်းရပ် နောက်သုံးလနေရင် အခြေအနေပြန်သိမယ်။ အထောက်အပံ့လည်း ရချင်မှ ဆက်ရတော့မယ်” လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ နို့ဖိုးဒုက္ခသည်စခန်း၊ အုန်းဖြန်ဒုက္ခသည်စခန်းနဲ့ မယ်လဒုက္ခသည်စခန်းတွေ အပါအဝင် ဒုက္ခသည်စခန်း ၉ ခု ထက်မနည်းရှိနေပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်ပြီး လူ့အခွင့် အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊ အမျိုးသမီးအရေးနဲ့ လူနည်းစုအရေး လှုပ်ရှားနေတဲ့ လူမှုအခြေပြု CSO အဖွဲ့အစည်းတွေကလည်း အမေရိကန်ပြည်ပအကူအညီ ဖြတ်တောက်မှုကြောင့် သက်ရောက်မှုရှိနေပြီး တချို့အဖွဲ့တွေဟာ ယာယီရပ်နားထားကြပြီလို့ သိရပါတယ်။
ပုံစာ- ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အုန်းပြန့် ဒုက္ခသည်စခန်းအတွင်းဆေးရုံမှ လူနာများ အိမ်ပြန် နေကြပုံ
Photo – Moon Silver FB